ရယ်တော့ ရယ်ရတယ်ဗျာ့။ ဖိုးထောင်တို့ရွာမှာ အောက်ပြည်က ဗမာမ အပျိုကြီးတစ်ယောက် ဈေးဆိုင်လာတည်ထားတယ်။
ဖိုးထောင်လူပျိုကြီးလည်း လမ်းကြုံတာနဲ့ အပျိုကြီးဈေးဆိုင်ဆီရောက်သွားတယ် ဆိုပါတော့။ ကော်ဖီမစ် ဝင်သောက်ရင်း စကားတွေဖောင်ဖွဲ့လိုက်တာ လူပျိုကြီး နဲ့ အပျိုကြီး မို့လို့လားတော့မသိပါဘူး တော်တော်လေး အဆင်ပြေတယ်ပြောရမယ်။
ဒီရွာက လူတွေ စကားအတော်ဝဲတဲ့အကြောင်း မနည်းနားထောင်ယူရကြောင်း တွေ စီကာပတ်ကုံးပြောနေလေရဲ့။ ဓနုလူမျိုးတွေဆိုတော့ တစ်ချို့အခေါ် အဝေါ်တွေ ကွဲပြားမှုတွေရှိကြောင်းလည်းပါသေး ဥပမာ တစ်ခု နှစ်ခု ဆိုရင် တခု နေခု ဟုရေတွက်ကြကြောင်း ပေါ့။
အဲဒီမှာ လူတစ်ယောက်က ကွမ်းစားဆေး နေခြည် တံဆိပ်ဆေးထုပ်လာဝယ်တယ်လေ
"နေခြည် ဘယ်လောက်လဲအစ်မ"
"ငါးဆယ်ပါ မောင်လေး" ဆိုပြီး ရောင်းဝယ်နေတာကို ဘီယာသောက်နေတဲ့ လူနောက်တစ်ယောက်က
"နေချီ တောင်မှ ငါးဆယ် ဆိုတော့ တချီထည်းဆို အစိတ်နဲ့ ရလောက်တယ် "လို့ လာရိတာနဲ့ စကားများရန်ဖြစ်ရသေးကြောင်းတွေတောင်ပါသေး။ ဒီကြားထဲ သားရေကွင်း တစ်စည်းကို ဒီဒေသမှာ တဖုတ် လို့ခေါ်တာမသိတော့ သားရေကွင်း ခြောက်စည်းလာဝယ်တာကို "ခြောင်ဖုတ် လာဝယ်တယ်"ပြောတာနဲ့ ဆဲလွတ်လိုက်တာ အားနာမိတဲ့ အကြောင်းတွေပြောနေတာများ ဖိုးထောင် နားထဲမှာ အခုလို့တောင် ထင်နေတယ်။
အဲသလောက်ဖြစ်နေတာတောင် ဖိုးထောင်နဲ့ စောစောက ညနေလောက်က စကားများခဲ့ရသေးသဗျာ့။
ဖြစ်ပုံက ဒီလို
ဖိုးထောင် တောင်ယာကပြန်လာတော့ အပျိုကြီးဆိုင်နားရောက်မှ ဘီယာသောက်ချင်တာနဲ့ ဆိုင်ထဲဝင်သွားလိုက်မိတယ်။ ခက်တာက တောင်ယာက အပြန် ပိုက်ဆံ ဘယ်ပါမှာလဲ။ အကြွေးယူသောက်ရတော့မယ်လေ။ ဖိုးထောင် အကြွေးယူပုံက ဒီလို
"ဘီယာတစ်ဗူး ဘယ်လောက်လဲ"
"ရှစ်ရာ"
"ဒါဆို နှစ်ရာပြန်အမ်း တစ်ထောင်မှတ်ထားလိုက်" ဆိုတာမျိုး။
အဲဒီမှာ အပျိုကြီးက ဖိုးထောင်ကို နားမလည်သလိုကြည့်နေတာဗျာ့။
ဖိုးထောင်လည်း ထပ်ပြောလိုက်ပါတယ်
"ကျွန်တော်က ယာတဲကပြန်လာတာ ပိုက်ဆံမပါခဲ့ဘူး အခုက လာငှန်းတာ လူပျိုကြီး အပျိုကြီးချင်း ဘဲဗျာ ငှန်းလို့ရတယ်မလား ပေါ့ "
အပျိုကြီးက မျက်နှာထားနဲ့ ဘာပြောတယ်မှတ်သလဲ
"ဘာရှင့် ဘယ်လို ဘယ်လို ကိုဖိုးထောင် လာငှန်းတယ် ဟုတ်လား ကျမကိုဘယ်လိုအစားမျိုးမှတ်နေလဲ ဈေးသည် အစ ဇာတ်အလယ် ဖာအဆုံး ဆိုတဲ့ မိန်းမမျိုးထဲမှာ ကျမ မပါဘူး" တဲ့။
မြတ်စွာဘုရား ဘယ်ကနေဘယ်လို ဖြစ်ပြီး အပျိုကြီး ဒေါသူပုန်ထတာပါလိမ့်ပေါ့။
"မဟုတ်သေးဘူးလေအစ်မ ကျနော် လာငှန်းလို့ လာငှန်းတယ်ပြောတာလေဗျာ ငှန်းတာမကြိုက်ရင်လည်း ကျနော် နောက် မငှန်းတော့ပါဘူးဗျာ"
"ရှင်ငှန်းတာကြိုက်နေရလောက်အောင် ကျမ အပေါစားမဟုတ်ဘူး"
"ကျနော်လည်း အပေါစားလို့ မပြောရသေးပါလားဗျာ့'"
အဲသလို ပြောနေချိန်လေးမှာ သူတို့အစုနားက ဆယ်အိမ်မှူးဈေးလာဝယ်တယ်လေ
"အလို ! ကိုဖိုးထောင် ဘာတွေဖြစ်နေတာလဲဗျာ့" တဲ့
"ကျနော်ယာတောအပြန် ပိုက်ဆံမပါလို့ ဒီဆိုင်မှာ ဝင်ငှန်းတာ ဘာတွေရှောက်ပြောနေမှန်းမသိပါဘူးဗျာ "ပေါ့။
အဲဒီမှာ အပျိုကြီးက
"သူငှန်းချင်တိုင်း ငှန်းရအောင် ကျမ အပေါစား မဟုတ်ဘူး" တဲ့လေ။
အဲဒီမှာ ဆယ်အိမ်မူး က ခွက်ထိုးခွက်လှန်ရယ်တော့တာပါဘဲ။
ရယ်မှာပေါ့ ဖိုးထောင် လာငှန်းတယ်ဆိုတာ ဒေသ စကား အရ အကြွေးလာဝယ်တာကိုပြောတာလေ။
အပျိုကြီးက သူ့ကိုလာငှန်းတယ်မှတ်ပြီး လိမ့်ရန်တွေ့နေတာကိုးဗျာ့။ အဲသလိုလွဲပါတယ်ဆိုမှဗျာ။
အဲဒီကိစ္စကို ဆယ်အိမ်မှူးက ရှင်းပြတော့မှ တိုတိုပြောကြစို့ အဆင်ပြေသွားတယ် ဆိုပါတော့ဗျာ။
ဖိုးထောင်
30-12-2015
Thursday, December 31, 2015
Monday, December 28, 2015
ထောင် ခြောက်လ ချမှတ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်ထားတဲ့ဓါတ်ပုံ မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်း (ခေါ်)ချစ်သမီးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဒီကနေ့ မအူပင်တရားရုံးကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ပိုင်ခွင့်ကို ထိခိုက်တယ်လို့ ချစ်သမီးရဲ့ အကျိုးဆောင်ရှေ့နေက သုံးသပ်ပါတယ်။ မိဘတွေအနေနဲ့ကတော့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သရော်ထားတဲ့ ဓါတ်ပုံတွေ Facebook လူမှုကွန်ယက်မှာ ဖော်ပြထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို ၈ ကြိမ် တိုင်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ မအူပင် တရားရုံးကနေ ထောင်ဒဏ် ၆ လချမှတ်ခဲ့တယ်လို့ မချောစန္ဒီထွန်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို ပြောပါတယ်။ “၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးကျော်ထင်ကနေပြီးတော့ တရားလိုလုပ်ပြီးတော့ အမှုဖွင့်လှစ်တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ထောင်ဒဏ် ၆ လကို မြို့နယ်တရားသူကြီး ဒေါ်လှမြတ်မွန်က အမိန့်ချမှတ်လိုက်ပါတယ်။” ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့တရားစွဲဆိုခံထားရတဲ့ မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးပြီး အချုပ်နဲ့ ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ စွဲဆိုချက် ခိုင်လုံမှုမရှိတာကြောင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ကို တရားရှင်လွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့ချမှတ်လိုက်တဲ့ အမိန့်ဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ထိခိုက်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို သုံးသပ်လိုက်ပါတယ်။ “ကျနော်တို့ စိတ်မကောင်းတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တို့အရ Freedom of Expression နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ မှာ ထိခိုက်တယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ဘာသာရေးဆိုင်ရာ ထိခိုက်စေမှုလည်းမဟုတ်ဘူး။ အခုဟာက ဒါသူ့ရဲ့အမြင်ကို သူတင်တဲ့ ၊ တဦးတယောက်က တင်သော်လည်း တင်တဲ့ပုံ အရပြောမယ်ဆိုရင်တော့ ဒီဥစ္စာပေါ်မှာ အရေးယူလောက်တဲ့ ဥပဒေပြဿနာမရှိဘူးလို့ ထင်တယ်။” တရားစီရင်မှုအပြီးမှာ မချောစန္ဒီထွန်းက သူ့အနေနဲ့ ဒီလို ပြစ်ဒဏ်ချမှတ်ခံရသလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးသားခဲ့တဲ့ ဝန်ကြီးဦးရဲထွဋ်ရဲ့ဇနီးကိုလည်း အရေးယူစေချင်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ မချောစန္ဒီထွန်းရဲ့ မိခင် ဒေါ်အိစံကတော့ ဒီနေ့ချမှတ်လိုက်တဲ့အမိန့်ကို အခုလို သုံးသပ်လိုက်ပါတယ်။ “စပြီးတော့ ဖမ်းကတည်းကိုက ဒီကလေးကို မတရားအမှုဆင်ပြီးတော့ ဖမ်းထားတယ်ရှင့်။ နောက်ပြီးတော့ ထောင်ချရာမှာလည်း အန်တီတို့အနေနဲ့က ၃ နှစ်ဆိုပြီး မှန်းထားတယ်လေ။ ထောင်ချတာ အခု ဒီကလေးပေါ်မှာလည်း မတရားရာ ကျမယ်။ ချက်ချင်းပြန်လွှတ်ပေးရင်လည်း သူတို့အနေနဲ့က အရှက်ကွဲမယ်။ ဒါကြောင့်မို့လို့ အခုဖမ်းထားတာဆိုရင် အခု ၃ လ ပြည့်ခါနီးပြီပေါ့နော်။ ၂ လကျော်ကျော်ရှိသွားပြီ ။ ထောင် ၆ လ ဆိုတော့ ကြားကာလကို ချလိုက်တယ်လို့ အန်တီထင်တယ်။” တရားရုံးက စီရင်ချက်ချခဲ့တဲ့ ထောင်ဒဏ် ၆ လမှာ ချုပ်ရက် ခံစားခွင့်ရရှိတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ဒီနေ့အမိန့်ချတဲ့နေ့အထိ ၂ လကျော် ထိန်းသိမ်းခံခဲ့ရပြီး ဖြစ်တဲ့အတွက် နောက်ထပ် ၃ လ ကျော် ဆက်လက် ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ အယူခံဝင်ဖို့ မသေချာသေးပေမယ့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ဖို့ မျှော်လင့်တယ်လို့ မိခင် ဒေါ်အိစံက အခုလို ပြောပါတယ်။ “အယူခံဝင်ဖို့ကိုလည်းအန်တီတို့က တော်တော်စဉ်းစားရတယ်။ လွတ်လပ်ရေးနေ့ လွှတ်ငြိမ်းချမ်းသာခွင့်အထဲမှာလည်း အန်တီတို့ မိဘတွေအနေနဲ့က မျှော်လင့်တယ်လေ။ နောက်ပြီးတော့ အယူခံဝင်ဖို့တင်မယ်ဆိုရင်လည်း ရုံးအဆင့်ဆင့် သွားတာ။ အဲဒါတွေကကြာတယ်။ တလခွဲကျော်ကျော်လောက်ကြာမယ်ဆိုတော့ အန်တီတို့ လွတ်ချိန်နဲ့က အရမ်းကပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို အန်တီတို့ချိန်နေပါတယ်။” ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရသူတွေအနက် မချောစန္ဒီထွန်းရဲ့ အမှုကို ပထမဦးဆုံးအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အလားတူ ပုဒ်မ ၆၆ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးပက်ထရစ်ခွန်ဂျာလီကိုလည်း ဒီသီတင်းပတ်အတွင်းမှာ စွဲချက်တင်သင့် မတင်သင့် ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးကနေ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
Thursday, December 24, 2015
ဘာဘဲပြောပြော ညီကိုတွေပါ
မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်း မင်းတို့နှစ်ယောက်စလုံးကို
ဖိုးထောင်မသိပါဘူး။ဘယ်ရွာသားလဲ မသိပါဘူး။
သေချာပါတယ် ညီအစ်ကိုတွေဆိုတာလေ။
အလွန်ဆုံး ဝမ်းကွဲရင် ၁၃၅ ဝမ်းကွဲပေါ့။ မြန်မာတိုင်းရင်းသား ၁၃၅ ထက်မှ မပိုတာ။ငါတို့ ညီကိုအချင်းချင်း လွတ်မြောက်ရေးခေါင်းစဉ်နဲ့ အမြင်ကျဉ်းခဲ့ကြပြီး ဒီနေ့ထိ သေနတ်သံ မငြိမ်သေးပါဘူး။
သေနတ်ကိုင်တဲ့ကောင်တွေ အချင်းချင်းက တစ်ကျောင်းထဲ အသင်းခွဲပြီးဘောလုံးကန်တမ်း ကစားသလို ကစားနေကြတော့ ခက်တာက ဘောလုံးပွဲထိုင်ကြည့်ရင်း ဘောလုံးနဲ့ အရှိုက်မိရင်တောင် သေချင်မှသေမှာ သူတို့ လက်နက်ကိုင်ကစားပွဲက အငွေ့နဲ့တောင်မျက်စိပြာလောက်နေတော့ တော်ရာချောင်ကြား ရှောင်ရှားကြရတာပေါ့။ တစ်နေ့လုပ် ၅၀၀ ရတယ်ဆိုပါစို့ သူတို့လက်နက်ကိုင် ကစားနေတဲ့ နှစ်ဖွဲ့အတွက် အခွန် ဆိုလား ဆက်ကြေးဆိုလား အဲဒါကြီးက ၁၅၀ စီ ဆိုတော့ ၃၀၀ ကုန်နေပြီ။ ဒီကြားထဲ သူတို့ထောင်တဲ့ မိုင်းနင်းမိလို့ သေခဲ့ကြတဲ့ ညီကို မောင်နှမတွေလည်း ပုံထားမယ်ဆိုရင် ဇွဲကပင်တောင်တွေ ပုပ္ပါးတောင်တွေဟာ အခုလိုပြောပြဖို့ နာမည်မကြီးလောက်ဘူး။
ဒီဘက်ကလူက ဟိုဘက်ကလူမှတ်လို့ ပစ်တမ်းကစားသွားတာလည်းရှိတာပါဘဲ။
အဲသလို နိုင်ငံရေး စီးပွားရေး ကစားပွဲမှာ ပညာရေးက ရှေ့တက်မရ လူမှုရေးက ခပ်ကင်းကင်းနေရင်း သယံဇာတတွေလည်း ခွေးစားလို့ကုန်။ ခြံစည်းရိုးလည်း သူများထင်းဆိုက်ပစ်ကုန်ရုံမက မြေပေါ်မှာပါ လာစော်ကားနေကြတာမျက်မြင်ပါ။
ပညာရေးနိမ့်တော့ စီးပွားရေး ပြားပြားမှောက် ကိုယ့်ဆန်ကို ကိုယ် ထမင်းဖြစ်အောင်မချက်တတ်တော့ ချက်တတ်တဲ့ လူကို သခင် တင်ရင်း ကျွန်ဖြစ်နေတာ ကြာနေပါပြီ။
နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့လည်း ခုလို လူသိရှင်ကြားရော
လူမသိသူမသိရော အသတ်ခံရတာ မနည်းဘူးဆိုတာသေချာပါတယ်။
အဲဒါ ဘယ်သူ့ကြောင့်လဲ မေးမနေပါနဲ့တော့။
မင်းတို့နှစ်ယောက်ကို ညီကိုမှန်း မောင်နှမမှန်း မသိတဲ့သူတွေကြောင့်ပါ။
ဘာဘဲပြောပြော မင်းတို့နှစ်ယောက်ဟာ ဖိုးထောင်နဲ့ ညီကိုတွေပါ။
မင်းတို့ရဲ့ ခံစားချက်ဟာ ငါတို့ အားလုံးရဲ့ ခံစားချက်ပါဗျာ။
ငါတို့ အမြင်ကျဉ်းနေသမျှ ငါတို့ မညီညွတ်သမျှ ဒီလိုမျိုးအဖြစ်တွေ တန်းစီနေဦးမှာပါဘဲ။

Subscribe to:
Posts (Atom)