ဖေဖောဝါရီ ဆယ့်သုံးဟာ ဘကြီးမွေးနေ့ပါ
=======================
ဘကြီးရေ ၁၀၁ နှစ်မြောက် ဘကြီးမွေးနေ့လေးရောက်လာပြန်ပြီဘကြီးရယ်။
"ဟေ့ကောင်ဖိုးထောင် မင်းကဘာကောင်လဲ ဘာဘကြီးလဲ ဗိုလ်ချုပ်ကွ အမျိုးသားခေါင်းဆောင်ကွ လွတ်လပ်ရေးဖခင်ကွ မင်းကြီးတော် လင်မဟုတ်ဘူး"
လို့များ ဘကြီးပြန်ပြောလေမလား ရိုးသားတဲ့ ဘကြီးမှာ အဲလိုစိတ်မရှိဘူးဆိုတာ ဖိုးထောင်သိပါတယ်ဘကြီးရယ်။
ဖိုးထောင်က ဗိုလ်ချုပ်ခေါ်ရအောင် ဘကြီးရဲ့ အမိန့်အောက်မှာ ဖိုးထောင်မှ မရှိတာကြီး ဟုတ်တယ်မို့လားဘကြီး ။ ဘာကြီး ညာကြီးဆိုပြီး ကပ်ဖားရပ်ဖားလုပ်တာကို ဘကြီးမကြိုက်မှန်း ဖိုးထောင်သိတယ်ဗျာ့။
ရိုးရိုးလေးပါ ဘကြီးရာ ဖိုးထောင်က ဘကြီးတစ်ယောက်လို လေးစားလို့ ဘကြီးခေါ်တာပါဗျာ။
ဒါနဲ့ စကားမစပ် ဘကြီးရယ် တမလွန်မှာလေ ဂဠုန်ဦးစောနဲ့ တွေ့သေးလားဗျာ့။ အက်ဒီဆင်နဲ့ရော တွေ့သေးလား။ ဘကြီးတို့ သုံးဦးဆုံလို့သာ စကားနိုင်လုပြောပြီး မိန့်ခွန်းခြွေစတမ်းဆိုရင် ဘကြီးရာ ဖိုးထောင်လေ ဘကြီးကို အရမ်းသနားတာဘဲဘကြီးရာ တကယ်ပါ။
အက်ဒီဆင် ပြောတာ နားထောင်ကြည့်ရအောင် ဘကြီးရယ်။ နည်းနည်းလောက်ကလေးပါ။
" ဒီမှာ အောင်ဆန်း နဲ့ ဦးစော ငါအသက်ရှိတုန်းက တီထွင်ခဲ့တဲ့ လျပ်စစ်မီးဟာ ငါမရှိတော့ပေမယ့် ခုချိန်ထိ လင်းနေတုန်းဘဲဟေ့ အရောင်တွေကိုစုံလို့ကွာ ပိုတောင်လင်းလာသလားဘဲ မင်းတို့ရဲ့ တပည့်တွေဆိုရင် ထိုင်းနဲ့ တရုတ်ပြည်ကိုတောင် ရောင်းစားနေရသေးသကွာ " ဆိုပြီးကြွားသွားလိုက်တာ ရိုးသားတဲ့ ဘကြီး ခေါင်ညိမ့်နေရုံရှိတော့မှာပေါ့။
ဘကြီးကို ရက်ရက်စက်စက် ပစ်သတ်သွားတဲ့ ဂဠုန်စောလည်းရာရာစစ မိန့်ခွန်းတက်ခြွေမယ်တဲ့ ဘကြီးရာ
" ဒီမှာ အက်ဒီဆင် ခင်ဗျားတီထွင်ခဲ့တဲ့ လျပ်စစ်မီး ဒီချိန်ထိ လင်းနေသေးသလို ကျုပ်တီထွင်ခဲ့တဲ့ အကြမ်းဖက် လုပ်ကြံမှုတွေ တိုင်းတစ်ပါးသားတို့ရဲ့ သြဇာခံမှုတွေ အသုံးချခံမှုတွေ အာဏာမက်မောမှုတွေ ဒီအချိန်ထိ တောက်ပြောင်နေသေးတယ် ဆိုတာ သက်သေပြလို့ရတယ်ဟေ့" တဲ့ဗျာ။
လူ့လောကမှာတော့ လူပင်သေသော်ငြား နာမည်ကမသေသည် ဆိုပြီးသီချင်းဆိုကြတယ် ဘကြီးရဲ့။ ဘကြီးတို့ တမလွန်မှာတော့ လူပင်သေသော်ငြား လုပ်ရပ်က မသေသည် လို့ ဆိုမယ်ထင်ပါတယ်ဗျာ နော်။
သူတို့နှစ်ယောက်က လက်ခုတ်တီး လက်မထောင် LIKE ပေးပြီး စင်ပေါ်က ဆင်းလာခဲ့ပြီ ဆိုပါတော့
ကဲ ဘကြီးအလှည့် ဘာပြောမလဲဗျာ။
" ကျုပ် သေသွားပေမဲ့ ကျုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေ( သိမ်းထားကုန်ပြီးပြီ ဘကြီး ဘယ်သူမှ မသုံးတတ်ကြပါဘူးတဲ့ ဘကြီးရယ်)ကျုပ်ချပြခဲ့တဲ့ မူဝါဒတွေ (လိုရာဆွဲဖြဲ လုပ်ကုန်ကြပါပြီဘကြီး) ကျုပ်ထားခဲ့တဲ့ မျိုးရိုးစဉ်ဆက်တွေ (နယ်ချဲ့ သစ္စာခံ တွေ မယားတွေဖြစ်ကုန်ပြီ ဘကြီးရယ် ဖြစ်တဲ့လူ အားနာ မနာ မသိပေမဲ့ ပြောရတဲ့လူ အားနာတယ်ဗျာ ဗမာတစ်ယောက်မှ ဖြစ်မလာဘူးဘကြီးရဲ့) ကျုပ် စံပြလုပ်ခဲ့တဲ့ ရိုးသားမှု ကြိုးစားမှု သစ္စာရှိမှု တွေ ( ဖိုးထောင် ဘာတစ်ခုမှ မတွေ့ဖူးလိုက်ပါဘူး ဘကြီးရာ) ကျုပ်တိုင်းရင်းသားတွေအပေါ် ဆက်ဆံခဲ့ပုံတွေ ( ခုတော့ တိုင်းရင်းသားတိုင်း လွတ်မြောက်ရေးတပ်တွေဘာတွေနဲ့ ဖြစ်နေပြီး အချင်းချင်းပစ်နေကြတာများ ဘကြီးရာ တောကြောင်လက်ခမောင်းခတ်လို့ သိတ်ကောင်းဆိုဘဲဘကြီး မယုံရင်လာကြည့်လိုက်ပါဘကြီး ဘကြီးတို့တုန်းက ထိုးမှုန့်မြို့တော်ဟာ အခုပေါက်စီမြို့တော်ဖြစ်နေပြီ ဘကြီးရယ်)
ဘကြီးစိတ်ပျက်သွားလားဗျာ မပျက်ပါနဲ့ ပြောချလိုက်ပါဗျာ ကျုပ်အသက်ရှင်စဉ်က ပြောခဲ့တဲ့ "အဲသလို စောက်ကျင့်တွေ ရှိနေသမျှ ကာလပတ်လုံး "ဆိုတဲ့ အသံကတော့ ခုချိန်ထိ ညံနေတုန်းဘဲ လို့ ပြောချလိုက်ပါဘကြီးရာ။
ပြောချင်တာကတော့ဗျာ ရိုးသားကြိုးစားခဲ့တဲ့ ဘကြီးကို ဦးစောသတ်နိုင်ခဲ့ပေမယ့် ဘကြီးရဲ့ အမိန့် မူဝါဒ လမ်းစဉ် တွေ သစ္စာမေတ္တာ တွေကိုတော့ မသတ်နိုင်ခဲ့ပါဘူး။
အမိန့်မနာခံသူတွေ မူဝါဒဖျက်ဆီးသူတွေ မျိုးရိုးပျက်သူတွေ လမ်းစဉ်ကို သွေဖယ်သူတွေကသာ ဘကြီးကိုသတ်တာနေမှာပါဗျာ။ ရုပ်တုရှေ့ ရုပ်ပုံရှေ့မှာ ပန်းခွေချ အလေးပြုနေရုံလောက်နဲ့ ဘကြီးကို ဘာကြီးညာကြီးဆိုပြီးအမွန်းတင် လေထွားနေမယ့်အစား ဘကြီးလို ရိုးသားစွာ သူ့နေရာ ကိုယ့်နေရာကနေ တကယ်လေးစားတဲ့ စိတ်နဲ့ လေးစားလိုက်နာ တာဝန်ယူ ဆောင်ရွက်ပြီး အလေးပြုသွားကြရင် မကောင်းဘူးလားဗျာ။
ဘကြီးကို ချစ်တဲ့......
ဖိုးထောင်
No comments:
Post a Comment