ကြက်ကလေးတွေရဲ့ ကိုယ်စား (တရားတော်)
=======================
(ဒီ ဥပုသ်နေ့လည်း ထပ်ပြီးမျှဝေပါရစေ fri တို့ရေ )
ကျုပ်တို့ ဘဝ ကတော့ မြင်တဲ့အတိုင်းပါဘဲ။ အသက်ရှင်ရပ်တည်ဖို့ 90% ကတော့ မရှိတော့ဘူးပေါ့ဗျာ။
လောလောဆယ် ခင်ဗျားတို့ သုံးလို့မရတော့တဲ့ ဖိနပ်တစ်ဖက်ဟာ ကျုပ်တို့ ညီနောင်အတွက်ကတော့ ဘဝ ကြီးပေါ့။
ရေငြိမ် လေငြိမ် ကျုပ်တို့ ငြိမ်နေတုန်းအခိုက်အတန့်လေးလောက်သာ ရပ်တည်ရတော့မှာပါ။
မဘသ အဖွဲ့တွေ ဝေဠုကျော် ဖောင်ဒေးရှင်းတွေ မြန်မာ့ တပ်မတော်သားတွေ ကူညီကယ်ဆယ်ရေး လာနေကြပေမယ့် ကျုပ်တို့အတွက် အရာမဝင်ပါဘူး။
ရှိပါစေတော့ ကိုယ့်အကျိုးပေးနဲ့ ကိုယ်ပါ။
ဒီပုံလေးကြည့်ပြီး ခင်ဗျားတို့စိတ်ထဲမှာ ဖြစ်မှ ဖြစ်ရလေ လို့ သနားနေမှာလား။ ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့ လို့များ ဆုတောင်းနေမှာလား။ ဒါမှ မဟုတ် မစားလောက်သေးလို့များ သေ အေးတာပါဘဲ လို့ ဆုံးဖြတ်မှာလား။ တစ်နှစ်လောက်မွေးထားလိုက်ရင် နှစ်ခွက်စာလောက်တော့ရလောက်နေတာ လို့များနှမြှောနေမှာလား တစ်ခုခုတော့ ဖြစ်နေကြမှာပါ။
ခင်ဗျားတို့မှာလည်း နောက်ကြောင်းရှိသလို ကျုပ်တို့မှာလည်း ကောက်ကြောင်းလေးတော့ ချပြရသေးတာပေါ့ဗျာ။
ကျုပ်တို့လည်း တစ်ချိန်က ခင်ဗျားတို့လို အသိဉာဏ်နဲ့ လူသားဘဝကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးတာပေါ့ဗျာ။ ခင်ဗျားတို့လိုဘဲ ရှာရင်းဖွေရင်းစားရင်းသောက်ရင်း နဲ့အချိန်ကုန်ခဲ့တာပေါ့။ ကားအကောင်းစားတွေစီးပြီး KTV တွေ မာဆတ်တွေ ဆောင်ကြာမြိုင်တွေမှာ ခြေရာထပ်ခဲ့ဖူးတာပေါ့။ အရက်သောက် ဖဲရိုက် ကြက်တိုက် ကြာခို ဆိုတာ ပျင်းတောင်ပျင်းသေး။ သူများတွေ ခုလို ရေကြီး မီးလောင်ဒုက္ခရောက်တော့ ကျုပ်တို့ စီးပွားရေးခွင် ဖန်လို့ သိတ်ကောင်းခဲ့တာပေါ့။
အိမ်ရှေ့ အလှူခံလာရင် သိတ်မုန်းတာသိလား။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတာမျိုး တီဗွီ ချန်နယ် မှားပြောင်းမိလို့ တရားဟောနေတာ တွေ့ရင်တောင် ဒီစကားက ကိုယ်တော်ပြောမှလား ငရုပ်သီးစားရင်စပ်မယ် သကြားစားရင်ချိုမယ် ဆိုတာလူတိုင်းသိတာပေါ့ကိုယ်ကိုယ်တော်ရယ် ဒိုးတော့ ဆိုပြီး ပြောင်းလိုက်တာတောင်ရှိသေး။
နေမယ်ဆိုလည်း နေချင်စရာပါ။ အကြောင်းမှန်းမသိ အကျိုးမှန်းမှန်းမသိ ။ အဖေ နဲ့ အမေ ကမြင်းလို့ဘဲ ဘဝရလာသလိုလို ထားဝရ ဘုရားကဘဲ ဖန်ဆင်းလို့ဖြစ်လာသလိုလို ထင်တာကိုး။ သူတို့ဖန်ဆင်းထားတာ သူတို့သိမ်းပေးလိမ့်မယ် ထင်ခဲ့တာ။
ကိုယ့်ဟာကိုယ်လည်း မပိုင်ပါဘဲ ငါ ငါ့ဥစ္စာ ငါ့ဟာ ထင်ခဲ့တယ်( သက္ကာယဒိဋ္ဌိ)။
တစ်နေ့ထက်တစ်နေ့ အိုလာတာတောင် စိတ်ပျိုကိုယ်နု နွားပျိုသန်လှ နွားအို ပေါင်ကျိုးသလောက်ရှိတယ် ဆိုတာမျိုး မမြဲတာကို မြဲတယ်ထင်ခဲ့တယ် (သဿတဒိဋ္ဌိ)။
တစ်ခါတလေ သေတတ်ပါလား တွေးမိရင်တောင် သေပြီးရင် အေးသွားတာပါဘဲ ကိစ္စပြတ်သွားတာပေါ့ လို့ ထင်ခဲ့တယ်။( ဥစ္ဆေဒဒိဋ္ဌိ)
ဒီလို မှတ်ယူခဲ့တဲ့နောက်မှတော့ ကောင်းမှု မကောင်းမှုဟာ အရာမဝင်တော့ပါဘူး ဆိုပြီး အကြောင်းကို ပယ်ခဲ့တယ်။ ကောင်းမှု မကောင်းမှု ရဲ့ အကျိုးတရားလည်း မယုံကြည်ခဲ့ဘူး။
ဒီတော့ ရရှိလာတဲ့ ဘဝခဏလေးမှာ လိုချင်တာအကုန်ယူ လုပ်ချင်တာအကုန်လုပ် သေသွားရင်ဘာမှလုပ်ရတော့မှာ မဟုတ်ဘူးလို့ စွဲထင်ခဲ့တယ်။ ခင်ဗျားတို့ရော မသေခင် ဘာလုပ်ထားမှာလဲ။
သေခါနီးတဲတဲလေး အလို ကျမှ ငရဲမီးလျံ ခွေးနက်ကြီး အမိဝမ်းရေ ဆိုတာတွေမြင်လာခဲ့တယ်။
ဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး ကိုယ့်ရဲ့ ကောင်းမှု မကောင်းမှုသာလျင် ကိုယ့်ကိုဖန်ဆင်းတာပါလားဆိုတာ သိလိုက်ရတယ် ။
လူ့ဘဝမှာ နတ်ဘဝမှာသာရကောင်းတဲ့ ပိုင်းခြားတတ်တဲ့ အသိဉာဏ်ကို တန်ဖိုးရှိအောင် အသုံးမချခဲ့မိလိုက်ဘူး။ အနည်းဆုံး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတဲ့ (ကမ္မဿကတာဉာဏ်)အသိဉာဏ်လောက်ကလေးနဲ့ မကောင်းမှုရှောင် ကောင်းမှုဆောင်ခဲ့ရင်တောင် ဒီလောက် အခြေအနေမဆိုးလောက်ဘူး။
ခုတော့ နောက်ကျခဲ့ပါပြီ၊ ဥခွံထဲရောက်လို့ ရောက်မှန်းတောင် မသိတော့တဲ့ ဘဝကို ရောက်နေခဲ့ပြီလေ။
ဥခွံထဲကနေ ထွက်လာပြန်တော့လည်း အခု ခင်ဗျားတို့မြင်တဲ့အတိုင်းပါဘဲ။ မဂ်ဖိုလ် နိဗ္ဗာန် ဆိုတာကို ဒီဘဝ အနေနဲ့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ လက်ရှိဘဝ ကံကောင်းစွာနဲ့ သက်တမ်းပြည့် နေရတယ် ဆိုရင်တောင်မှ ဆာရင်စားမယ် အိပ်ချင်အိပ်မယ် ကြက်မနဲ့တွေ့ရင် ပိုးမယ် အလိုမကျရင် ခင်ဗျားတို့ တိုင်းရင်းသားနဲ့စစ်တပ်လို အချင်းချင်းခွပ်မယ် ဆိုတာမျိုးလောက်ကလွဲပြီး ကျုပ်တို့ ဘာသိတာမှတ်လို့ ဗျာ။
ဒါဆိုရင် ရှေ့လာမယ့် အကြောင်းအရာတွေကား အဆုံးသတ်ဖို့ လမ်းမမြင်ရတော့ပါဘူး။ ဒီအပါယ်လေးဘုံ ထဲမှာ ဘယ်လောက်ထိ လည်ရအုံးမယ်ဆိုတာ ခင်ဗျားတို့ သင်္ချာပါရဂူ ထိုင်ငိုရမယ့် တွက်ကိန်းပါဘဲ။
ကျုပ်တို့ ပုံလေးကြည့်ရင်း ခင်ဗျားတို့ရော ဘာလုပ်ကြမှာလဲ။ ခင်ဗျားတို့ ပိုင်ဆိုင်သမျှ ဖြုန်းတီးချင် ဖြုန်းတီးလိုက်ပါ။ သို့သော် ကောင်းမှု မကောင်းမှု ခွဲခြားနိုင်တဲ့ အသိဉာဏ်ကိုတော့ မဖြုန်းလိုက်ပါနဲ့ လို့ အထူးမှာချင်တယ်ဗျာ ။
ဒီဉာဏ်နဲ့ ခင်ဗျားတို့ လောလောဆယ် လူ့ချမ်းသာ နတ်ချမ်းသာပြန်ရအုံး အရင်းရရုံလေးရှိသေးတာပါ။ အဝိဇ္ဇာ တဏှာရဲ့ တစ်ချက်ဝှေ့စရာမရှိပါဘူး။
ဥပမာ ဂျော်ကာ လေးကောင် လက်ထဲကိုင်ပြီး မဒေါင်းလိုက်ရတဲ့ ဖဲသမားလို နောက်မှ တောက်တစ်ခေါက်ခေါက်လုပ်နေလို့ အကျိုးမရှိတော့ပါဘူး။ ကျုပ်တို့ရဲ့ အဖြစ် နဲ့ ထပ်တူသွားလိမ့်မယ်။
ရခဲတဲ့ လူ့ဘဝ ကြုံခဲတဲ့ သာသနာ ဖူးရခဲတဲ့ မြတ်ဘုရား နာရခဲတဲ့ သူတော်ကောင်းတရားတွေ နာကြားရင်း ဖြစ်ပျက်နေတဲ့ တကယ့်အရှိတရား ခန္ဓာငါးပါး ရုပ်နာမ်တရား ကို ဝိပဿနာဉာဏ်နဲ့ သိအောင်ကျင့် လိုက်ကြစမ်းပါဗျာ။ ငရဲမီးလျံ ခွေးနက်ကြီး အမိဝမ်းရေ ဥခွံ တွေကနေ ထွက်မြောက်ကာ ထာဝရ ငြိမ်းအေးအောင် ကြိုးစားကြစမ်းပါလို့ မှာလိုက်ချင်ပါတယ်။
ကဲ Fri တို့ရေ ဒီကြက်ကလေးတွေရဲ့ ပုံကြည့်ပြီး ဒီကိုယ်တော် ဒီလိုကိုယ်စားပြုရေးထားပါလား လို့ သိတဲ့ ဉာဏ် Fri တို့မှာ ရှိတယ်ဆိုတာ သေချာပါတယ်။
အဲဒီအသိကလေးကို ဘုရားပေးတဲ့ ဝိပဿနာဉာဏ် နဲ့ ကိုယ့်ရဲ့ အရှိတရား ခန္ဓာပေါ်မှာ ရှုကြည့်လိုက်စမ်းပါဗျာ။
ခန္ဓာငါးပါးဟာ မြဲတဲ့အရာမဟုတ်ပါဘူး ဖြစ်ပျက်နေတာပါ။ အဲဒီ ဖြစ်ပျက်က ဒုက္ခသစ္စာ ၊
ဖြစ်ပျက်မှန်း သိတဲ့ဉာဏ်က မဂ္ဂသစ္စာ ၊
လိုချင်မှု စွဲလန်းမှုတွေ သေသွားတာက သမုဒယသစ္စာ ၊နောင်ခန္ဓာ မလာတာ အပါယ်တံခါးပိတ်တာ က နိရောဓသစ္စာ
ဤသို့ သစ္စာလေးချက် တပြိုင်နက်ကိုက်ပြီး
ဘဝရေကြီးဒုက္ခမှ လွန်မြောက်နိုင်ကြပါစေ။
ကြက်ကလေးတို့ရဲ့ ကိုယ်စား....
အရှင်စန္ဒိမာ နောင်ချို
၁၃၇၈ ခုနှစ် ဝါခေါင်လဆန်း (၈)ရက်
No comments:
Post a Comment