Friday, August 5, 2016

ဆင်းရဲသိမှ ချမ်းသာရ တရား​တော်

ဆင်းရဲသိမှ ချမ်းသာရ တရားတော်
======================
  ကိုင်း ဒီနေ့ ဝါဆိုလကွယ် ဥပုသ်နေ့ ဆိုတော့ အားအား မအားအား သီးခံပြီး ဖတ်သွား မှတ်သွားကြပါအုံးဗျာ။
  ဘုန်းကံကလည်း နည်းတော့ ပင့်မယ့်ဒကာလည်းမရှိဆိုသောအခါ လိုင်းပေါ်တရားတက်ဟောလိုက်အုံးမယ်ကွယ်။
  မနေ့က အာရုံဆွမ်းခံထွက်ရင်း လူတစ်ယောက်က ခွေးတစ်ကောင်ကို ခဲနဲ့ပေါက်တာ တွေ့လိုက်တယ်။
  ခွေးခမျာ နာလည်းနာ အော်လည်းအော်ရင်း လာမှန်တဲ့ ကျောက်ခဲကို ပြေးကိုက်တယ်။ နောက်တစ်လုံး ထပ်လာမှန်တယ် ပြေးကိုက်ပြန်တယ်။ အဆုံး မသတ်တော့။
 ခွေးကိုကြည့်ပြီး သံဝေဂ ရမိတယ်။ ခွေးဟာ လာမှန်တဲ့ ကျောက်ခဲကိုဘဲ ရန်ရှာနေပါရောလား။ ကျောက်ခဲ လာခဲ့ခြင်းရဲ့ အကြောင်းတရား ကို ရှာနိုင်တဲ့ အသိ သူ့မှာမရှိ။ ပြေးကိုက်ရမည့်အရာကို မရှာတတ်ဖြစ်နေခဲ့တယ်။
  ကောင်းပြီ ကျုပ်တို့တစ်တွေ အားလုံးရော နိုင်ငံရေး စီးပွားရေး ဘာသာရေး စတာတွေမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ကြုံခဲ့ကြဖူးပါတယ်။
 ပြဿနာ လုပ်တဲ့သူကိုသာရန်ရှာပြီး ပြဿနာဖန်တီးသူကိုတော့ မေ့နေခဲ့ကြတယ်မလား။
 ထားပါတော့ ဒါမျိုးတွေရေးနေလို့ အဆုံးမရှိဖြစ်နေတော့မယ်။ သတိထားမိရုံပြောပြတာပါဗျာ။
  ဗုဒ္ဓဘာသာတွေ အကြောက်ဆုံးက ဘာလဲ ဆိုရင် ငရဲ စတဲ့ အပါယ်ဘုံ ရောက်မှာ အကြောက်ဆုံးပေါ့။
ဒီလိုဘဲ အလိုချင်ဆုံးက ဘာလဲ မေးရင်တော့လည်း နတ်ရွာ နိဗ္ဗာန် လို့ဖြေကြမှာပါ။
 သာမန်ပါးစပ်ကလေးနဲ့ ကြောက်နေရုံ လိုချင်နေရုံ နဲ့တော့ ကြောက်တဲ့ဟာနဲ့ တည့်တည့်တိုးပြီး လိုချင်တဲ့ ဟာနဲ့ လုံးလုံးလွဲမှာပါ။
  ငရဲကို ဘာလို့ကြောက်တာလဲ ဒယ်အိုးထဲ အရှင်လတ်လတ် ထည့်ကြော်မှာစိုးလို့ပေါ့။ ဘာလို့ထည့်ကြော်တာလဲ ဘယ်သူတွေကိုထည့်ကြော်တာလဲ
 သူများအသက်သတ်တဲ့သူ ခိုးတဲ့သူ စတဲ့ မကောင်းမှု ပြုတဲ့သူတွေကို ထည့်ကြော်တာပါ။
 ဒီစာဖတ်နေတဲ့ Fri  သတ်ဖူးလား ခိုးဖူးလား စော်ကားဖူးလား လိမ်ညာဖူးလား ပြစ်မှားဖူးလား ?။
 ထပ် မညာပါနဲ့တော့ ရဲရဲကြီးခေါင်းငြိမ့်လိုက်စမ်းပါ။
ဒါဆိုရင် သေချာနေပါပြီ အကြော်ခံရတော့မှာပါ။
မထူးပါဘူးကွာ ဆိုပြီးတော့လည်း မရူးချင်ပါနဲ့ ကျုပ်တို့ လက်ရှိဖြစ်နေတာတွေဟာ အကျိုးတရားတွေပါ။
အကြောင်းရှိလို့ ဖြစ်လာခဲ့တာပါ။ လောကမှာ အကြောင်းမဲ့ အကျိုးဆိုတာ မရှိပါဘူး။ အကြောင်းရှာရပါလိမ့်မယ်။
  တကယ်တော့ ကျုပ်တို့ အမှန်တရားကို မမြင်ခဲ့ကြတဲ့အပြင် အမှားတရားကို အမှန်ထင်ခဲ့ကြတယ်။
 အမှားကို အမှန်ထင်ပြီး ပြုလုပ်လာခဲ့ရာကနေ အကြိမ်ကြိမ်လည်း အကြော်ခံခဲ့ကြဖူးတယ်။အကြိမ်ကြိမ်လည်း သေခဲ့ကြတယ်။
  မပူပါနဲ့တော့ ကျုပ်တို့ ပြောင်းလဲချိန်တန်ပါပြီ။
မြတ်စွာဘုရားက ကျုပ်တို့ရဲ့ အမှန်တရားတွေ အရှိတရားတွေကို ဟောထားခဲ့ပြီးပြီ။
  ဒီကနေ့ ကျုပ်တို့ရဲ့ အသိတွေထဲမှာ နင်ဘဲ ငါဘဲ ယောက်ျားဘဲ မိန်းမဘဲ ဆိုတာ အရှိတရား မဟုတ်ဘူးတဲ့။ တကယ့် အရှိတရားက ပူလိုက် အေးလိုက် ထုံလိုက် ကျင်လိုက် ဖောက်ပြန်နေတဲ့ ရုပ်တရား၊ ပူပါလား အေးပါလား လို့ ခံစားတဲ့တရား၊ ပူပါလား အေးပါလားလို့ မှတ်သားတဲ့တရား၊ ပူလိုက် အေးလိုက်ဖြစ်နေအောင် ပြုပြင်နေတဲ့ တရား၊ ပူပါလား အေးပါလားလို့ သိတဲ့ တရား တွေဘဲ ထင်ရှားရှိတာပါတဲ့။ ခြုံလိုက်တော့ ခန္ဓာငါးပါး ရုပ်နာမ်တရားဘဲရှိတာပါတဲ့။
  ဒီသဘောကို ဉာဏ်နဲ့မြင်အောင်ကြည့်ခိုင်းတယ်။
မမြင်ရင် မိဘတွေကြောင့်လိုလို ဖန်ဆင်းရှင်ကြောင့်လိုလို သံသယဖြစ်မယ် သူဘဲ ငါဘဲထင်လာမယ် တည်မြဲတယ်လို့ထင်မယ် သေမှအေးမယ်လို့ထင်မယ်။ ထင်လာတဲ့အတိုင်း လိုတစ်မျိုး မလိုတစ်မျိုးနဲ့ ဖြစ်မယ် စွဲလမ်းမယ် အဲဒီအတိုင်း လုပ်ချင်တာလုပ်မယ် ဆိုတော့ အဆုံးမသတ်ဘဲ တစ်နေ့နေ့ အကြော်ခံရမှာ သေချာတယ် တဲ့။
  ဒါကြောင့် အရှိတရား ခန္ဓာ ငါးပါး ရုပ်နာမ် တရားကို ဉာဏ်နဲ့မြင်အောင်ကြည့်ဖို့ဟောတော်မူခဲ့တယ်။
လောလောဆယ် သင် ဒီစာ ဟန်းဆက်ကို သင့်မျက်စိ နဲ့ကြည့်နေတယ် မြင်နေတယ် မြင်နေတာက ရုပ်တရား မြင်မှန်းသိနေတာက နာမ်တရား ဒါ တကယ့်အရှိတရားဘဲ။ ဒီ ရုပ်နာမ်တရားဟာ ဖြစ်ပျက် တရားပါ။ သူ ငါ ယောက်ျား မိန်းမ မရှိဘူး လိုချင်ခင်မင် စရာလည်းမလိုဘူး။ လိုချင်မှုမရှိရင် စွဲလမ်းစရာလည်းမလိုဘူး။ မစွဲလမ်းရင် ဘာမကောင်းမှုမှ ပြုတော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် နောင်ခန္ဓာမလာတော့ဘဲ အိုနာသေခြင်း အကြော်ခံရခြင်း စတာတွေ ငြိမ်းအေးပြီပေါ့ဗျာ။ ဒီသဘောတရားတွေဟာ ကျုပ်တို့ ဖရောင်းတိုင်ထွန်းသလို လင်းကနဲနေမယ် အမှောင်ပျောက်မယ် ဖယောင်းသားအရေပျော်မယ် မီးစာခြည် မီးကျွမ်းမယ် ဆိုသလိုပါဘဲ တစ်ပြိုင်ထဲဖြစ်တာပါ။
 ဒီလိုပါဘဲ ခန္ဓာ ငါးပါးဟာ ဖြစ်ပျက်နေတဲ့ ဆင်းရဲပါလား ဆိုတာ ဒုက္ခသစ္စာ ၊ အဲသလို ဆင်းရဲပါလားလို့ သိတဲ့ဉာဏ် ကမဂ္ဂသစ္စာ ၊ လိုချင်ခင်မင်ခြင်း မရှိ အို နာ သေခြင်း အကြော်ခံရခြင်းတွေ မရှိတော့ဘဲ သေသွားတာက သမုဒယသစ္စာ ၊ လိုချင်မှု သေသွားခြင်းကြောင့် ဒုက္ခငြိမ်းသွားတာက နိရောဓသစ္စာ ဆိုပြီး သစ္စာလေးချက် တစ်ပြိုင်နက် ဆိုက်ကာ ....
  ကဲ ဘေလည်းကုန်တော့မှာမို့လို့ အားလုံး ကွန်မန့်မှာ သာဓုခေါ် တော်ကြအုံးစို့ ။          ။
                                    အရှင်စန္ဒိမာ
                            ၁၃၇၈ ခု ဝါဆိုလကွယ်နေ့

No comments:

Post a Comment