မေတ္တာပွားပါ မေတ္တာရိပ်မှာ ခိုလှုံပါ မေတ္တာမစူးပါစေနဲ့(တရား)
=============================
ယနေ့ မေတ္တာအခါတော်နေ့မှာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ လို့ ဦးစွာပထမ မေတ္တာ ပို့သအပ်ပါတယ်ဗျာ။ ဥပုသ်နေ့ ဆိုတော့ ငါး မိနစ်လောက် သီးခံဖတ်ပါ မှတ်ပါ မျှဝေပါ ဝေဖန်ပါ လို့ ကြိုတင်သတိပေးပါရစေ။
မြတ်စွာဘုရားက
"သမုတိသစ္စာလည်း မပယ် နဲ့
ပရမတ္ထ သစ္စာလည်း မကွယ်စေ နဲ့" လို့ မိန့်တော်မူခဲ့ပါတယ်။
သမုတိသစ္စာကိုပယ်ရင် အပါယ်လေးဘုံသွားရလိမ့်မယ် ၊
ပရမတ္ထသစ္စာ ကွယ်ရင် နိဗ္ဗာန် နဲ့ ဝေးလိမ့်မယ် လို့ အကြောင်းအကျိုးဆက်စပ်ပြီး ဟောထားတာရှိပါတယ်။
သမုတိသစ္စာဆိုတာ အမည် နာမ ပညတ် အနေနဲ့ မဲ့ခေါ်ထားတဲ့ လောက အမှန်တရားတွေကို ဆိုလိုပါတယ်။
ဘယ်လိုနေရာတွေမှာလဲ
၁။ စား ဝတ် နေရေး ကိစ္စ တွေမှာ ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ အရှက် အကြောက် ကို မပယ်ပါနဲ့။
၂။ အမြဲတမ်း ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ် မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် လို့သိတဲ့ အသိတရားကို လည်း မပယ်ပါနဲ့။
၃။ ကောင်းမှုပြုတဲ့ နေရာမှာ ကိုယ်တိုင် စေတနာ သုံးတန် ပြည့်ဝစွာနဲ့ ပြုဖို့လည်း မပယ်ပါနဲ့။
၎။ အဖေ အမေ ရဟန္တာ တို့ကိုသတ်တဲ့ အလုပ် ဘုရားစေတီ ဖျက်တဲ့ အလုပ် နဲ့ သံဃာသင်းကွဲအောင် လုပ်တဲ့ အလုပ် (ကံကြီးငါးပါး)ဟာ သေရင် ငရဲ ဧကန်ကျမဲ့ အလုပ် ဆိုတာကိုလည်း မပယ်ပါနဲ့။
၅။ သတ္တဝါတွေ အပေါ် မေတ္တာထားရမယ် ဆိုတာကိုလည်း မပယ်ပါနဲ့ ။
မေတ္တာဆိုတာ ချစ်ခင်ခြင်းပါ ။ ကိုယ့် အတွက် မျှော်လင့်ချက် တစ်စုံတရာမပါဘဲ တစ်ဖက်သားကို ကိုယ်စိတ်ချမ်းသာစေချင်တာမျိုးပါ။ နတ်တွေကို မေတ္တာပို့ရင် ပြန်စောင့်လိမ့်မယ် မမျှော်ပါနဲ့ ။ မေတ္တာမှန်ရင် ရောင်ပြန်ဟတ်လာပါလိမ့်မယ်။
ကိုယ့်ကိုရန်ပြုတဲ့ သူကိုတောင် မေတ္တာမပျက်ဘူးဆိုရင် အဲဒီမေတ္တာဟာ တကယ်ထိရောက်တဲ့ မေတ္တာတရားပါဘဲ။ သမ္မာဝတီ မိဖုရား တို့လို မာဃလုလင် တို့လို ဖြစ်ရပ်တွေ ကြည့်ပါ။ သီလ သမာဓိ ပညာဂုဏ်တွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ တွေ ပုဂ္ဂိုလ်တွေ ကျေးဇူးရှင်တွေ ကိုလည်း မစော်ကား မပြစ်မှားမိဖို့ အရေးကြီးပါတယ်။ ကိုယ်က လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားမိတယ် ။ အဲဒီလူက ကိုယ့် ဂုဏ်သိက္ခာကို တုန့်ပြန်စော်ကားတယ် ဆိုရင် သရေ လို့ပြောလို့ရတယ်။ ဟိုလူက ကိုယ့်ကို မေတ္တာမပျက်ဘူး ဆိုရင်တော့ ကိုယ်ရှုံးသွားပြီ မှတ်ပေတော့။
ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားခံရရင်ရော ဘာနဲ့ တုန့်ပြန်မှာလဲ။ "ပုရွက်ဆိပ်တောင် သူ့ကိုသွားလုပ်ရင် ပြန်ကိုက်သေးတာကွာ သူ့ကိုလည်းပြန်ဆော်ရမှာပေါ့" ပုရွက်ဆိပ် က တိရိစ္ဆာန် ကိုယ်က အသိဉာဏ်နဲ့ လူ တူမှ မတူတာ။ နှစ်ဘက်စလုံး ဉာဏ်ရှုံးနေပြီ သရေ ပေါ့။ ဆိုလိုတာက ကိုယ်က အနိုင်ရအောင် မေတ္တာမပျက်ပါနဲ့ ။ ခွေးထီးကြီးကို ခွေးပေါက်ကလေးက စိန်ခေါ်ချင်သလောက်ခေါ် နာကျင်အောင် လာမလုပ်သေးသမျှ ခွေးထီးကြီးဟာ ဘယ်တော့မှ မကိုက်ဘူး။ ဘာလို့လဲ ပြိုင်ဘက် မဟုတ်လို့ဘဲ။
" ငါသူ့ကို မေတ္တာမပျက်ရင် ငါ့မေတ္တာစူးပြီး ဒီလူ ကောင်းကောင်း ဒုက္ခရောက်စေရမယ်" ဆိုတဲ့ မေတ္တာထားနည်းဟာလည်း မမှန်ကန်ပါဘူး။
မေတ္တာကို အတော်လေ့ကျင့်ပွားများနိုင်မှ သဘောသဘာဝ ပိုနားလည်လာမှာပါ။ အချိန်ကျမှ အရှေ့အရပ်၌ရှိသော အော်နေတာလည်း ဝစီကံကုသိုလ်ထက် ပိုရင် နည်းနည်းပေါ့။ အကောင်းဆုံးကတော့ အချိန်တိုင်း သတ္တဝါတွေကို ကိုယ်ချင်းစာတရား ထားပြီး ကြည့်ဖို့လိုပါလိမ့်မယ်။
သတိထားရမှာက သီလစတဲ့ ဂုဏ် ကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ မေတ္တာရိပ်အောက်မှာ အေးချမ်းစွာ ခိုလှုံ ကြဖို့ လိုပါတယ်။ စော်ကားမိရင်တော့ မေတ္တာစူးတာခံရပါလိမ့်မယ် ။ စူးရင်တော့ သောတာပန်တောင် ပြန်မတောင်းပန်သမျှ နောက်တစ်ဆင့် တက်ခွင့် ဘယ်လောက်ကြိုးစားကြိုးစား ဒီဘဝမှာ မဖြစ်နိုင်တော့ပါဘူး။ ဘာမှမဖြစ်သေးတဲ့ ပုထုဇဉ်ကတော့ အောက်ဆင်းဖို့ သေချာနေပါပြီ။
သိစေချင်တာက မေတ္တာပွားပါ မေတ္တာကြီးမားတဲ့ ဂုဏ်အရိပ်မှာ ခိုလှုံပါ မေတ္တာ မစူးအောင် လေ့လာ မှတ်သား နာကြား သင်ယူ သတိထားကြပါလို့ မေတ္တာ အခါတော်နေ့ လက်ဆောင် ပေးလိုက်ချင်ပါတယ်။
၆။ အလှူခံ ပုဂ္ဂိုလ်ရဲ့တန်ဖိုးကို နားလည်ပြီး လှူဒါန်းပူဇော်ပါ ဆိုတာကိုလည်း မပယ်ပါနဲ့။
၇။ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကြောင့် ဒီနေ့ ဒီလိုအခြေအနေမှာ ဒီလို အသိတရား ရလိုက်တယ် ဆိုတာကိုလည်း မပယ်ပါနဲ့။
၈။လောက ဝေါဟာရ ပညတ် လို့ခေါ်တဲ့ ရတနာ သုံးပါး မိဘ ဆရာသမား စတဲ့ အခေါ်အဝေါ်သာဖြစ်တာ တကယ် ဂုဏ်ကျေးဇူးမရှိပါဘူးလို့ မပယ်ပါနဲ့ ဆိုပြီးတော့ သမုတိသစ္စာနယ်မှာ ရှစ်မျိုးရှိပါတယ်။ တစ်မျိုးမှ မပယ်ကောင်းပါဘူး ပယ်ရင် အောက်ဆင်းရပါလိမ့်မယ်။
ပရမတ္ထ သစ္စာနယ်မှာတော့ မကွယ်ကောင်းတဲ့ အရာ သုံးမျိုးရှိပါတယ်။ အဲဒါက အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါး ပါဘဲ။ ဒီသုံးမျိုးကွယ်ရင် နိဗ္ဗာန် နဲ့ ဝေးမှာပါဘဲ။
ကဲဗျာ စာလည်းရှည်နေပြီ လက်တွေ့ရှုကြရအောင်
ကျုပ်တို့ရဲ့ အရှိတရား ခန္ဓာ ငါးပါးဟာ မမြဲတဲ့ အနိစ္စ ပါ ၊ ဆင်းရဲတဲ့ ဒုက္ခပါ ၊ အစိုးမရတဲ့ အနတ္တပါ၊
အခုလက်ရှိ ဒီစာကိုဖတ်နေတယ် ။ ဒီစာရယ် ဒီဟန်းဆက်ရဲ့ ဆခရင် အလင်းရောင်ရယ် Fri ရဲ့ မျက်လုံးရယ်ဟာ ရုပ်တရားခန္ဓာပါ။ စာလည်းဖတ်လာတာ တစ်လုံးပြီးတစ်လုံး ပြီးခဲ့ပြီ မြဲသလား။ ဆခရင်ဟာ ဘက်ထရီကလာတဲ့အားနဲ့ တစ်ချက်ချင်းစီ လင်းနေတာပါ တစ်ဘရိတ်ထဲ အသေလင်းနေတာမဟုတ်ပါဘူး ကြိမ်နှုံးမြန်လို့ လင်းနေတယ်ထင်တာပါ ဥပမာ ဒုတ်မီးရှို့ပြီးဝှေ့ကြည့်လိုက်ပါ မီးဝိုင်းမြင်ရပါလိမ့်မယ်။တကယ် မီးဝိုင်းဟုတ်လို့လား။ ဘက်ထရီနံပါတ်တွေ ကျသွားလိမ့်မယ် မြဲသလား။ Fri မျက်လုံးနဲ့ မြင်နေရတာရော မြဲသလား ။ အတော်ကောင်းတဲ့စာဘဲ (သို့) ဘာတွေ လျှောက်ရေးထားမှန်းမသိဘူး ဆိုတဲ့ ခံစားမှု ဝေဒနာ မှတ်သားမှု သညာ ပြုပြင်မှု သင်္ခာရ သိမှု ဝိညာဏ် တွေဟာရော ဖြစ်ပြီးပျက်သွားခဲ့ကြတယ်။ မမြဲတဲ့ အနိစ္စကိုး။ အဲဒီ ဖြစ်ပျက်နေတာကိုက ဒုက္ခ ဆင်းရဲခြင်း ကိုး။ ကိုယ့်သဘောမပါ ဓမ္မသဘောသက်သက် ဆိုတော့ အစိုးမရတဲ့ အနတ္တ ပေါ့။
ဒါဖြင့် လက်ရှိ ကိုယ့်ခန္ဓာရဲ့ ဆင်းရဲခြင်း အမှန်တရား ဒုက္ခသစ္စာကို မမြဲပါလား ဆင်းရဲပါလား ငါ့ကိုယ်ငါ့ဟာ မဟုတ်ပါလား လို့ မြင်အောင်ရှုလိုက်ပါ။ မြင်ရင် မဂ္ဂသစ္စာပါဘဲ။ မြင်တာနဲ့ လိုချင်စရာ စွဲလန်းစရာမရှိတော့ပါလား ဆိုတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတွေ သေသွားပါလိမ့်မယ်။ ဒုက္ခဖြစ်ကြောင်း သေရင် ဒုက္ခလည်း အလိုလို သေသွားမှာပါ။ အဲဒါ နိရောဓ သစ္စာ ပေါ့။
ဒီ သစ္စာလေးချက်ဟာ တပြိုင်နက် ဖြစ်တယ်ဆိုတာပါဘဲဗျာ။
မေတ္တာဖြင့် သင် မြင် ကြားဆရာအားလုံး၏ ဂုဏ်တော်ကို ပူဇော်လျက်...
အရှင်စန္ဒိမာ နောင်ချို
၁၃၇၈- ခုနှစ် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
Copy From Ashin Sandimar Facebook
No comments:
Post a Comment