Thursday, April 7, 2016

ငွေကိုလိမ်​ပါ လူ​တော့ချမ်းသာ​ပေးပါ (၉)

ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ (၉)
     =============

                   အခန်း (၉)
    ဖိုးထောင် ခြေရင်းအိမ်က ခေါက်ဗွီဒီယို ခွေမဖတ်တော့ဘူးဆိုတာနဲ့ လာပို့ထားလို့ ဖွင့်ကြည့်လိုက်ပါတယ်။ ခါတိုင်း ဆိုရင်တော့ ဒီအချိန်ဆို အပျိုကြီးဆိုင်မှာ လေပေါနေရောပေါ့။ ခုတော့ အမေရဲ့ တစ်ချက်လွတ် အမိန့်အောက်မှာ နာခံရင်း ကားနောက်မလိုက်ဖြစ်တဲ့ နေ့တွေဆိုရင် ဒီလိုဘဲ တစ်ခုခုပြင်နေလိုက်တယ်ဆိုပါတော့။  ဖိုးထောင် ခေါက်ဗွီဒီယို ကိုဖွင့်ကြည့်လိုက်ပါတယ်။ အခွေရှိမရှိ အဖုံးဖွင့်ကြည့်တော့ ရှိပါတယ်။ DVD အခွေထည့်လျက်သားလေး ။ အဖုံးမပိတ်ဘဲ ခလုပ်အပေါက်လေးထဲ စပါယ်ဖူးနဲ့ ဖိပြီး ဖွင့်ကြည့်လိုက်ပါတယ်။ အခွေတော့လည်ပါတယ် ပုံမှန်မဟုတ် ။ လည်ပုံအလွန်မြန်နေတယ်။ ခဏကြာတော့ ဘက် ဒစ် လို့ရေးလာခဲ့တယ် ။ ခွေမကောင်းဘူးဆိုတဲ့သဘော။ခွေ အသစ်တစ်ခွေထည့်လိုက်သည်။ထိုနည်း ၎င်းပါဘဲ ။ စက်ပိတ်ပြီး ဘော်ဒီကို စနစ်တကျ ဖွင့်လိုက်သည်။ သေချာတာပေါ့ မှန်ဘီလူးမကောင်းတော့ပါ။ ဖိုးထောင်ဆီမှာရှိတဲ့ အသစ်နဲ့ နံပါတ်တူ မတူ စစ်ကြည့်တော့ တူနေတာနဲ့ ခဲရှော့ကက်ဖြုတ်ပြီး စနစ်တကျ ပြန်တပ်လိုက်သည်။ ဘော်ဒီ ပြန်ပိတ်ပြီး သူ့အခွေ ပြန်ထည့်ဖွင့်လိုက်သည်။ ကြည်လင်ပြတ်သားသော ရုပ်သံများပေါ်ထွက်လာသည်။ ဗမာဇာတ်လမ်းခွေ တစ်ခွေသာဖြစ်ပါသည်။ အအေးဆိုင်မှာ စားသောက်ရင်း စကားနိုင်လုနေကြသည်။
  "ပိတ်ထားစမ်း ပိတ်ထားစမ်း အဲဒီအသံ ငါမကြားချင်ဘူး"
"ဟာ အမေကလည်း စက်ပြင်ရင်း ကောင်းလားမကောင်းလားစမ်းကြည့်နေတာပါ အမေရဲ့"
 "မလိုချင်ဘူး တစ်ခြားအခွေနဲ့ စမ်း"
ဖိုးထောင် ဘာမှမပြောချင်တော့ပါ။စက်ပိတ်ပြီး ဘက်ထရီညပ်ဖြုတ်ထားလိုက်တော့သည်။တစ်ခြားခဲဂေါက် စသော ပစ္စည်းများနေရာတကျသိမ်းဆည်းနေလိုက်သည်။
  " ဗွီဒီယို ရပြီလား ကိုဖိုးထောင် "
" ရပါပြီတဲ့ဗျား ခုလေးတင်ပြီးသွားတာ"
" ဘာဖြစ်သွားတာလဲ ကိုဖိုးထောင်"
"မှန်ဘီလူး မကောင်းတော့တာ လဲလိုက်ပြီးပြီ"
" ဘယ်လောက်ကျလဲ မသိဘူး"
" မှန်ဘီလူးက လေးထောင့်ငါးရာ လက်ခ ငါးရာ"
 " ကျေးဇူးပါဘဲဗျာ"
 " ကိုဖိုးထောင် ဈေးဆိုင်သွားမယ်လေ ဘီယာသွားသောက်ရအောင်"
 " ကျနော် ဘီယာမသောက်တော့ဘူးဗျာ့ "
" မသောက်လည်း အပျိုကြီးနဲ့ လေပေါရတာပေါ့ဗျာ့"
 အဲဒီမှာအမေက
 "ကြွ ကြွ တစ်ခါတည်း အပြီးကြွ" တဲ့။ ဟိုလူက စ တဲ့အကြောင်း စပ်ဖြီးဖြီးနဲ့ပြောကာ သူ့ဗွီဒီယိုယူ ပိတ်ဆံ ငါးထောင်ပေးပြီးပြန်သွားခဲ့လေရဲ့ဗျာ။
     မနက်မိုးလင်းတော့ သူ့မိန်းမ ဗမာမ ဗွီဒီ ယို ကိုင်ပြီးရောက်လာခဲ့တယ်။ ဗွီဒီယို ဘာဖြစ်ပြန်တာလဲပေါ့။
 "ဘာမှ မဖြစ်ဘူးဟေ့ ဘယ့်နှယ်တော် အသစ်ဝယ်တာမှ သုံးသောင်းခွဲရှိတာ ပြင်ခက နှစ်သောင်းခွဲရယ်လို့"
    "  မြတ်စွာဘုရား  နေပါအုံး နင့်ယောက်ျားက နှစ်သောင်းခွဲလို့ပြောတာလား"
  "အေးပေါ့ ကျမ ကြံခုတ်ခ သုံးသောင်းသွားယူလာတာ သူအကုန်ယူသွားတာ ပြန်လာတော့ ငါးထောင်ဘဲပါလာတယ်လေ"
  " ကောင်းပြီလေ အဲဒါ နင်က ဘယ်လိုလုပ်ချင်တာလဲ ငါကဘာလုပ်ပေးရမှာလဲ"
  " ဘာမှလုပ်ပေးစရာမလိုဘူး ကိုဖိုးထောင် ပစ္စည်းပြန်ဖြုတ်ထား ပိုက်ဆံပြန်ပေး"
 " ဒီလိုလုပ် ဗွီဒီယိုကိုပြန်ယူသွားပါ နှစ်သောင်းခွဲမကဘူး သုံးသောင်းခွဲ ပေးမယ် နင့်ယောက်ျားကိုလာတောင်းခိုင်းလိုက် "
  " ပြီးတာဘဲ" ဆိုပြီး ဗမာမ ပြန်သွားခဲ့လေရဲ့ဗျာ။
  အမေကတော့ ငါးထောင်ထဲပေးရင် ငါးထောင်ထဲပေးတယ်ပြောလိုက် ပြီးတာဘဲဥစ္စာတဲ့။ တကယ်တော့ သူတို့ကိစ္စက ဘာမှန်းမှ မသိတာဗျာ။ မိန်းမကိုလည်းလိမ်ချင်သေးတယ် ပီပြင်အောင်လည်းမလိမ်တတ် အတော်ပျင်းစရာကောင်းပါလားဗျာ။ ဘာလူမျိုးနေနေ လိမ်တဲ့လူက လိမ်တာပါဘဲဗျာ။ တစ်ခုတော့ရှိတယ် တိုင်းရင်းသားတွေကဗမာတွေလိုများများစားစားတော့ မလိမ်ဘူးဗျာ့။ တစ်ဘက်သား ဘဝပျက်သွားမှာစိုးလို့လား မဟုတ်ပါဘူး ။ မလိမ်တတ်လို့ပါ။ မလိမ်ခင်တည်းက ပေါ်နေပြီဥစ္စာကိုးလေ။ ခုပုံစံဆိုကြည့်ပါလား ။ ဘယ့်နှယ် မဖြစ်နိုင်တာနဲ့ ပြောလိမ်သတဲ့။ သူ့ယောက်ျား ဘယ်လိုဖြေရှင်းသွားမှာလဲဆိုတာတော့ ကိုယ်လည်းမသိပါဘူးဗျာ။
  ဖိုးထောင် တောင်တွေးမြောက်တွေး တွေးနေရင်း ဖုန်းလာခဲ့တာနဲ့ နံပါတ်ကြည့်လိုက်တော့ မသိတဲ့နံပါတ်ဖြစ်နေတယ်။
  "ဟလို "
" ကိုဖိုးထောင်လား"
" ဟုတ်တယ် ဘယ်သူလဲမသိဘူး"
" အောင်မယ်လေ ကိုဖိုးထောင်ရယ် ဒီအသံတောင် မမှတ်မိတော့ဘူးတဲ့လား"
  "အော် အစ်မ ဘယ်ကနေဆက်နေတာလဲဗျာ့"
 "ဗမာပြည် ပြန်ရောက်နေတာ လေးရက်လောက်ရှိနေပြီ"
 "အော်"
 "အော်မနေနဲ့ ပေးစမ်းအဲဒီဖုန်း "
အမေ ဖိုးထောင် နောက်ကို ဘယ်အချိန်ကရောက်နေသည် မသိ။ ဖုန်းကို ယူပြီးကိုင်ပေါက်လိုက်တော့သည်။ "ဖိုးထောင် နင်ကသူ့ဆိုင်နား မသွားရဘူးဆိုတော့ ဖုန်းနဲ့ ဆက်ပြောတယ်ပေါ့လေ အမေ့ စကားတောင် နားမထောင်တော့ဘူးတဲ့လား သားရယ် အမေက ထပ်ပြီးအလိမ်မခံနိုင်တော့ဘူးသားရဲ့ ငွေ လိမ်သွားတာက ပြန်ရှာလို့ရတယ် သားကိုလိမ်ယူသွားပြီး ဟိုမှာနွားလိုသွားခိုင်းစားနေရင် ဘယ်လိုလုပ်မလဲ သားရဲ့"
ပူတတ်ရန်ကော အမေရယ်။ အမေကတော့ ပြောရင်းငို ငိုရင်းပြော ဆိုသလိုဖြစ်နေခဲ့ပါပြီဗျာ။
  "ဘာလို့ ငိုတာလဲ အမေရယ် အမေ့သား အမေ့စကားနားထောင်မှာပေါ့ "
   ဖိုးထောင် ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ။  မိဘဆိုတဲ့ အရာဟာ သားသမီးအပေါ်မှာ အချိန်ပြည့် ပူနေတတ်ကြတယ်။ ဆိုင်ကယ်နဲ့ ထွက်သွားတာတောင် အချိန်တန်လို့ အိမ်ပြန်မရောက်ရင် လှဲများနေသလား မှောက်များနေသလား ဆပ်ပလိုင်းဂျက်နဲ့များတိုးပြီး အလှူငွေ မထည့်နိုင်လို့ အချုပ်ထဲများရောက်နေသလား စသဖြင့် ပူနေတတ်ကြတာလေ။ ဒီကြားထဲ ထူခြားသတင်းတွေက ကြားနေရတာရှိသေး။ အမျိုးသားတစ်ဦးကို အမျိုးသမီးသုံးဦးမှ အဓမ္မပြုကျင့်မှု ဗြိတိန်တွင်ဖြစ်ပွား ဆိုတာမျိုး ။ အဲလိုဆိုတော့ မနူးမနပ် မလည်မဝယ် သူ့သားဖိုးထောင်ကို မပူရှိရိုးလားဗျာ။ အမေပူတာပြောပြတာလေ။ ဘာဘဲဖြစ်ဖြစ်ပေါ့အမေရယ် ဖိုးထောင်အတွက်နဲ့တော့ မျက်ရည်မကျသင့်ပါဘူး။ ဖိုးထောင် ကြားဖူးတယ် အမေ မိဘ မျက်ရည် တစ်စက် သားသမီး ဆင်းရဲတစ်သက်တဲ့။ အမေမျက်ရည်မကျအောင် ဖိုးထောင်နေရုံမှတစ်ပါး တစ်ခြားမရှိတော့ပါဘူးဗျာ။ ဆင်းရဲမှာစိုးလို့တော့မဟုတ်ဘူး အမေ။ အမေ စိတ်မဆင်းရဲစေချင်လို့ပါဗျာ။
                                 ဇာတ်သိမ်းသို့  ဆက်ပါဦးမည်

No comments:

Post a Comment