ဖိုးထောင်တို့ ရှေးလူကြီးတွေပြောတာကြားဖူးတယ်ဗျာ့။
ကိုယ့်အတတ်နဲ့ ကိုယ်စူးတယ်ဆိုတာလေ။ သူတို့ပြောတာကတော့ ရှေးတုန်းက စုန်းအတတ် ကဝေအတတ်တွေနဲ့ အစိမ်းတွေမွေးထားကြရာကနေ နောက်ပိုင်း အစိမ်းတွေရဲ့ အလိုမကျသောအခါ အစိမ်းတွေရဲ့ လက်ချက်တွေနဲ့ အသက်ပေးသွားခဲ့ပုံလေးတွေ ပေါ့။ ကိုယ်မွေးထားတဲ့မျောက်က ကိုယ့်အိမ် မီးတက်ရှို့သလိုမျိုးလေးတွေလေဗျာ။
ဖိုးထောင်နဲ့ အဲဒီကိစ္စမျိုးတွေနဲ့တော့ မဆိုင်ပါဘူး။ ဖိုးထောင်တတ်တဲ့ပညာက အီလက်ထရွန်းနစ် ပိုင်းဆိုင်ရာ တွေပါဗျာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်လောက်က နာရီရေဒီယို ကက်ဆက် အမ်ပလီဖိုင်ယာ တွေပြင်တယ်။ နောက်ပိုင်းမှာတော့ VCD DVD EVD တွေ ပြုပြင် စလောင်းဆင် လိုင်းသွင်း စတာတွေလုပ်ပါတယ်။
အဲနောက်ပိုင်းမှာတော့ ကွန်ပျူတာ ဆော့ဝဲ ဟာ့ဝဲ စာစီစာရိုက် ဖိုတိုရှော့ စုံနေတာပါဘဲ။
ဒီကြားထဲ ဖိုးထောင်တို့ရွာမှာ လျပ်စစ်မီးကမရှိဆိုတော့ ကိုယ်ပိုင်အိမ်သုံးလျပ်စစ်ခေါ်တဲ့ တာဗိုင် နဲ့ ရေအားလျပ်စစ်ဆင်ခြင်း ကွိင်ပတ်ခြင်းအတတ်တွေလည်း တွဲလုပ်ရတယ်ဗျာ့။ စက်ရုံကတော့ သမားရိုးကျအတိုင်း စံချိန်ကိုက်လုပ်လာပေးသော်လည်း ဖိုးထောင်တို့ဆီမှာက ရေအခြေအနေ အနီးအဝေး အသုံးပြုတဲ့ကြိုးအနေအထား အသုံးပြုမယ့် အရာပေါ် မူတည်ပြီး တွက်ချက်ပြန်လုပ်ရတာပေါ့။
ဒီလိုနေရာမျိုးမှာတော့ ရွာထဲမှာ ဖိုးထောင်ကဆရာကြီးတစ်ဆူပေါ့။ ရွာဦးဆရာတော်တောင် ကျောင်းမှာမီးမလင်းရင် ဖိုးထောင်ကို ဖားနေရတာဗျာ့ အဟဲ။သဘောပြောတာဗျာ့ သွားလည်းမလျှောက်နဲ့အုံး တော်ကြာ သိတယ်မလား။
ဒီလိုအတတ်တွေနဲ့ စာတွေ့ လက်တွေ ဆိုသလိုလုပ်လာလိုက်တာ ပြောပလောက်တဲ့ ပြဿနာ တစုံတရာ မရှိခဲ့ပါဘူး။တန်ပြန်သက်ရောက်မှုတွေက အဆိုးဘက် ဦးမတည်ဘူးပေါ့ဗျာ။
အခုနောက်ပိုင်းကျတော့ ကွန်ပျူတာ အတတ်နဲ့ နွယ်နေတဲ့ ဟန်းဆက်တွေ အမျိုးအစားမျိုးစုံနဲ့ ရွာထဲကို ဒလောဟော ဝင်ရောက်လာတော့ mp3 mp4 Game သွင်းခြင်း မြန်မာစာသွင်းခြင်း ရု ဖောက်ခြင်း ဖုန်းဆက်နည်း မက်ဆေ့ပို့နည်း အင်တာနက်ချိတ်ဆက်ခြင်း စတာတွေ မနားတမ်းဆိုသလိုလုပ်ပေးရပြန်တယ်။ ဒါလည်းပြဿနာမရှိသေးဘူးဆိုပါတော့။
အဲ နောက်ပိုင်းမှာတော့ ဗိုက်ဘာ လိုင်း ဝီချက် မိုင်ချက် ဘီတော့ ဖေ့ဘုတ် မက်ဆင်ဂျာ အကောင့်ဖွင့်နည်းတွေလည်း လေ့လာပြီး လုပ်ပေးရပြန်တယ်။ လူတိုင်းနီးပါး တစ်ခုမဟုတ် တစ်ခု သုံးတာဆိုတော့ ဖိုးထောင်လုပ်ပေးရတာပါဘဲ။
ကောင်လေးတွေရော ကောင်မလေးတွေရော အပျိုကြီး လူပျိုကြီး မုဆိုးဖိုမ တစ်ခုလတ်မကျန် ဖေ့ဘုတ်တွေ ဘီတော့တွေနဲ့ မိုဘိုင်းအော်ပရေတာကို လုပ်ကျွေးနေကြတာများ မိဘအရင်းထက်တောင် စေတနာကောင်းနေသေး။
အဲသလို ဆိုရှယ် မီဒီယာတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချက်ရင်း ကောင်မလေးတစ်ယောက်က လင်နောက် လိုက်ပြေးသတဲ့။ မယားကြီးရှိပါလျက် လာခိုးတယ်ဆိုဘဲ။ အသက်ကြီးနေပြီဆိုဘဲ။
ကလေးမလေးတစ်ယောက်က သိမ်ဝင်အပ် ( ဘုန်းကြီးလူထွက်) နဲ့ ညားသွားတာတဲ့။ ယူပြီး ဘာအလုပ်မှ မတတ်တော့မှသိသွားတာတဲ့။
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ချက်ရင်း ယောက်ျားဂတိတွေ ဇွတ်ပေး ပြီး လာတောင်းတော့ ကိုယ့်အမေထက်တောင် တနှစ်ကြီးတဲ့ မိန်းမနဲ့ တိုးနေတာတဲ့။ ကြားနေရပါပြီ သတင်းတွေ ။
ဖိုးထောင် လည်း ကိုယ့်ရွာက ကောင်လေးတွေ အထူးသဖြင့် ကောင်မလေးတွေကို တွေ့တိုင်း သတိပေးရတာပေါ့။ မသိတဲ့လူနဲ့ ရမ်းမချက်ကြဖို့။ ဖုန်းနံပါတ်တွေ မပေးဖို့။ဓာတ်ပုံတွေ လုံးဝ မပေးဖို့ ။ လိုင်းပေါ်က လူတွေကို မယုံဖို့ နေ့စဉ်နဲ့ အမျှ သတိပေးနေရတယ်ဗျာ။
အဲဒါ မနေ့တစ်နေ့က ကလေးမလေးတစ်ယောက် ဘယ်ကမှန်းမသိ ဘာမှန်းမသိ ချီဗူးတစ်ကောင်နဲ့ လိုက်ပြေးဖို့ ကြိုးစားတယ်လေ။ ဖိုးထောင် နဲ့လည်း အမျိုးမကင်းတူမတော်နေ တော့ လိုက်သွားတာ မှီပါတယ်။ မလွန်ခင်လေးပြန်ခေါ်လာခဲ့တယ်ဆိုပါတော့ဗျာ။
ဘယ်လိုစီမံကြသလဲဆိုတာကတော့ သူတို့မိသားစု ကိစ္စပါဗျာ။ထားပါတော့
ပြောချင်တာက ဒီလိုဖြစ်လာရခြင်း အကြောင်းရင်းကိုသေချာကျန ဆန်းစစ်ကြည့်လိုက်သောအခါ ဦးလေးဖြစ်သူ ဖိုးထောင်ကနေ ဖုန်းဝယ်ပေးခြင်း ဘေထည့်ပေးခြင်း
အင်တာနက် ဖေ့ဘုတ် ဘီတော့ စသော အရာများအသုံးပြုတတ်အောင် သင်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တူမလေးရဲ့အမေက စွဲချက်တင်နေလေရဲ့ဗျာ။
ဒါတင်မက ဖုန်းရပြီဆိုတုန်းကရင်း အလုပ်ခိုင်းရတာ အဆင်မပြေကြောင်း။ နေ့လည် နားချိန် ပိုပေးရကြောင်း အလုပ်ထဲ စိတ်မဝင်စားသဖြင့် ခါတိုင်း နှစ်ရက်နဲ့ ပြီးတဲ့ အလုပ် ကို သုံးရက်တောင် မပြီးကြောင်း ။ ပြောရဆိုရခက်ခဲလာခဲ့ကြောင်း ။ မယုံလျင် အခုလက်တွေ့ဖြစ်ကြောင်းများဖြင့် စွဲချက်တင်လာသောအခါ....
သီချင်းနားထောင်လို့ရအောင် ဓာတ်ပုံတွေရိုက်လို့ရအောင် သတင်းတွေကို ခေါတ်နဲ့ အချိန်နဲ့ တပြေးညီသိရှိရအောင် အချင်းချင်း ဆက်သွယ်ရလွယ်ကူအောင် စသော ဖိုးထောင်၏ များစွာသော စေတနာတို့သည် အသုံးမဝင်တော့ကြောင်း ဝမ်းနည်းဖွယ် တွေ့ကြုံလိုက်ရပါတယ်ဗျာ။
ထို့ကြောင့် "ကိုယ့် အတတ်နဲ့ ကိုယ်စူး"ကြောင်း တင်ပြရင်း
စာဖတ်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ
ဖိုးထောင်
1.2 .2016