ဖိုးထောင်အကြောင်း တစေ့တစောင်း
====================
ဖိုးထောင်ကပြုပြင်ရေးသမားတစ်ယောက်ပါ။
၄၃၆ တွေ ၅၉ စ တွေပြင်ချင်တဲ့အထဲတော့ ပါဘူးဗျာ့။ ဘာလို့လဲဆိုတော့ နားမှမလည်တာ ။ နားမလည်တဲ့ လူတွေကို မီးသွေးထုံးသုတ်ပြီး" မီးသွေးဆိုတာဖြူဖြူကြီးကွ "
ထောက်ခံကြ လက်မှတ်ထိုးကြ ဆိုတဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံထဲလည်း ဝင်မကချင်ပါဘူး။
Facebook သုံးတယ်။ ဘလော်ဂါ သုံးတယ်။ ပြုပြင်ရေးစာတွေ သတင်းတွေနဲ့ တခါတရံ ဟာသဆန်ဆန် စာပေမျိုးတွေ ရေးတင်တတ်ပါတယ်။ တတ်သိနားလည်လို့တော့ မဟုတ်ဘူးဗျာ့။ ဝါသနာကိုက ပါလို့ပါဗျာ။ ဒီစာတင်ရင် အဖမ်းများခံရလေမလား ဆိုတာမျိုးတော့ မတွေးမိဘူးဗျာ့။မှန်တယ်ထင်ရင်တင်ချလိုက်တာပါဘဲ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ဆေးပြားနဲ့ပတ်သက်တဲ့သတင်းတွေ ရေးတင်ခဲ့တယ်။ ဆေးပြားရောင်းတဲ့သူတွေ တစ်ချို့ အဖမ်းခံလိုက်ရတယ်။စိတ်မကောင်းပါဘူး။သူတို့ ဥပဒေ နဲ့ငြိလို့ အဖမ်းခံရတာ ဖိုးထောင်ကြောင့် တဲ့။ ကောင်းပြီလေ ။ ဟုတ်တာပေါ့ ။ဒီသတင်းကို ဖိုးထောင်မတင်ရင် ဘယ်ဖမ်းမလဲ။ ရဲတွေလည်း စားကောင်းတိုင်းစားနေမှာပေါ့။ရောင်းတဲ့သူတွေလည်း ရောင်းကောင်းတိုင်းရောင်းနေမှာပေါ့။သုံးစွဲသူတွေလည်း ရှူကောင်းတိုင်းရှူနေမှာပေါ့။ အကျိုးဆက်ကဘာဖြစ်လာမှာလဲ။ သူတို့ တဒင်္ဂ သာယာမှုတွေ မှာ ဖိုးထောင်တို့ရဲ့ အနာဂတ်လူငယ်တွေ စတေးနေတာကြီးကို ဖိုးထောင်တို့ သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရင် တရားခံဟာဖိုးထောင်ဖြစ်သွားမှာပေါ့။
တကယ်တော့ ဖိုးထောင်တို့မြန်မာလူမျိုးတွေဟာ အခုဆိုရင် ကျွန်ဖြစ်နေပါပြီ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတာဟာ ကျွန်သွားခံနေကြတာပါ။ကိုယိ့နိုင်ငံထဲမှာရော အရင်းရှင်တွေဟာ ဘယ်သူတွေလဲ။ မန္တလေးဟာ ထိုးမှုန့်မြိုတော်ကနေ ပေါက်စီမြို့တော်ဖြစ်နေပါပြီ။ ဘာလို့လဲ ရှင်းပါတယ်။ အစိုးရကြောင့်ချည်းတော့မဟုတ်လောက်ပါဘူး။ ကိုယ့်လူတွေက ဘီယာလေး အရက်ကလေးတမြမြ နဲ့ ဇိမ်ယစ်နေချိန်မှာ သူများတွေ အပိုင်စီးကုန်တာပါဘဲ။ မြန်မာတွေ မြို့ပြင်ရောက်ကုန်ပါပြီ ဒီအတိုင်းမှန်မှန်ဆက်သွား နိုင်ငံအပြင်ဘက်ရောက်သွားပါတော့မယ်။
ပြီးခဲ့တဲ့ကမ္ဘာစစ်တွေလို ကျည်ဆံ အကုန်ခံပြီး ဘယ်လူမိုက်နိုင်ငံမှ စစ်မတိုက်တော့ပါဘူး။ မြန်မာဘီယာ တစ်ဗူးရဲ့တန်ဖိုးနဲ့ အိမ်နီးချင်းနိုင်ငံကလာတဲ့ ဘီယာ တစ်ဗူးရဲ့တန်ဖိုးဟာ ထက်ဝက်နီးပါးထောက်ကွာပါတယ်။ ဒီနားကပြည်တွင်းဖြစ်က သယ်ယူစရိတ်မရှိဘဲ ဘာလို့ဈေးကြီးနေတာလဲ။ ရှင်းပါတယ် ပြည်တွင်းဖြစ်က စီးပွားရေးကို ဦးစားပေးတယ် ။သူတို့ဆီက ဟာက စစ်ရေးကိုဦးစာပေးတယ်လေ။ ဒါနဲ့ ပညာရေး စီပွားရေး လူမှုရေးကိုဖျက်ဆီးပြီး မြန်မာတို့စည်းလုံးညီညွတ်မှုကိုဖျက်ဆီးဖို့အဓိကရည်ရွယ်တာပါ။ အခု WY ဆေးပြားဟာ သူတို့အတွက် အထိရောက်ဆုံးကျည်ဆံတွေပေါ့ဗျာ။ ဒီကျည်ဆံနဲ့ ဘာအရေးမှ မတိုးတက်အောင်ရည်ရွယ်ချက်ရှိရှိ ပစ်ထည့်ထားတာပါ။ ဒါတင်မက အာမခံချက်မရှိ စက်ပစ္စည်းတွေ စားသောက်ကုန်တွေနဲ့ တိုက်စစ်ဆင်ထားတာ မြန်မာတွေ အလူးအလဲပါဘဲ။ အဲဒီကျည်ဆံတွေအောက်မှာ မြန်မာတွေ နေ့တိုင်းနီးပါး အသက်ပေးနေရတာပါဗျာ။ထားပါတော့ ပြောချင်တာက တတိယကမ္ဘာစစ်ဟာ နြူကလီးယားပြိုင်မှာမဟုတ်ဘူးဗျာ့။ ပညာပြိုင်မှာ ဘယ်လူမျိုးက ဘယ်လူမျိုးကိုကျွန်ပြုနိုင်လဲဆိုတာပြိင်မှာပါ။ ဒါတွေသိစေချင်တာပါ အချိန်မှီပါသေးတယ်ဗျာ။ ဖိုးထောင်က သိသလောက်ကလေးရေးပြတာပါ။ ဖိုးထောင်ထက် တော်သော တတ်သောဗဟုသူတများသော မြို့ပေါ်လူတန်းစားတွေကို ဆရာလုပ်တာမဟုတ်ပါဘူး။ဖတ်ရတာပျင်းသွားပြီလားဗျာ့။ အဲသလိုပြုပြင်ရေးတွေရေးတာ ဝါသနာပါတော့ အဆဲခံရတာကလည်းရှိသေး။
ဟိုနေ့ကလည်း ဦးဇင်းလေးကို ဆရာသွားလုပ်မိလို့ အဆူခံရပြီးပြီဗျာ့။ ဖြစ်ပုံကဒီလိုပါ
"ဆရာတော် ဘယ်ကြွမှာလဲဘုရား "မေးလိုက်မိပါတယ်
ဦးဇင်းလေးက "ဘောလုံးပွဲသွားကြည့်မလို့"တဲ့။
"နှမြောစရာပါဘဲဘုရား ဘောလုံးပွဲအချိန် မိနစ်ကိုးဆယ်ကို တရားသာအားထုတ်မယ်ဆိုရင် အနည်းဆုံးသမာဓိလောက်တော့ရမယ်ထင်တယ်ဘုရား " လို့ သွားလျှောက်မိတာဦးဇင်းလေးက ဘာပြောတယ်မှတ်သလဲ
"တင်မှာ ဒကာတော် ဖိုးထောင်ရေ ကျွန်တော်မျိုးမှတ်သားထားပါ့မယ် ခင်ဗျာ" တဲ့ မှတ်ကရော။တကယ်လို့ ဒီနေရာမှာ ဦးဇင်းလေးက ငေါက်မလား ဒါမှမဟုတ် နားရင်းရိုက်သွားမလား ကြိုက်တာရွေးခွင့်ရှိပါတယ် ။သူ့ရွေးချယ်မှုဟာ သူ့ဂုဏ်သိက္ခာပါ။ကြည်ညိုပါတယ် ဒီနေရာမှာ ဖိုးထောင်ရှုံးပါတယ်။
ဖိုးထောင်
25.1.2016
No comments:
Post a Comment