Monday, January 25, 2016

အ​မေ့အဆုံးအမရကြပါ​စေ

အမေ့ အဆုံးအမ ရကြပါစေ
=================
    လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ပေါ့။
ညနေဘက်မှောင်စပ်စပ်ကာလလေးမှာ
" ဘကြီး ဘကြီး ဘကြီးချွေးမ မမြတင် တောထဲမှာ အဖျားတက်ပြီးမေ့နေတယ် အဲဒါ လာခဲ့ပါအုံးတဲ့ "
 ခုနစ်နှစ်လောက်သာရှိသေးတဲ့ဖိုးထောင် ဘာမှန်းမသိလိုက်ပါဘူး။ အဖိုးကတော့ ကြားကြားချင်းဆိုသလို ဖိုးထောင်တို့ညီကိုနှစ်ယောက်ကို အိမ်စောင့်ဖို့မှာပြီး သွားခဲ့လေရဲ့။
   ညပိုင်းမှာတော့ ငိုသံလိုလိုကြားလိုက်တာနဲ့နိုးလာခဲ့တယ်။ နေမကောင်းလို့ ငိုနေတဲ့ အမေ့အသံမဟုတ်ဘူး။အဖေ့အသံပါ။ ယောက်ျားကြီးဖြစ်တဲ့ အဖေ ဘာလို့ငိုနေရတာလဲပေါ့။
  မနက်ကျတော့ လူတွေတဖွဲဖွဲရောက်လာနေကြတယ်။
လယ်တောတဲမှာ မနေ့က အမေ နေမကောင်းဖြစ်တယ်။ အိမ်ပြန်ချင်တယ် ဆိုတာနဲ့ လှည်းပေါ်တင်ပြီးအပြန် မကြာခင်လေးမှာ အမေသတိမရတော့ဘူးတဲ့။ အဲဒါ လှည်းပေါ်ကနေ တဲကိုပြန်သွားပြီး ရှိတဲ့ဆေးဝါးတွေနဲ့ ကြိုးစား ပါသော်လည်း အရာမဝင်ဘဲ အမေ့ဇာတ်လမ်း ပြီးသွားခဲ့ကြောင်း ပြောဆိုနေသံတွေ ညံလို့ပေါ့။ ဖိုးထောင် သိလိုက်တာကတော့ အမေသေသွားပြီဆိုတာပါဘဲ။ သေသွားရင် အမေ ပြန်မလာတော့ဘူးလား ပြန်လာမှာလား မဝေခွဲတတ်သေးပါဘူးအမေ။
  ဒီလိုနဲ့ အမေ့ရက်လည်ဆွမ်းတွေပြီးသွားခဲ့တယ် အမေပြန်မလာပါဘူး။ ဘယ်သူတွေဘာပြောပြော တနေ့ အမေပြန်လာမှာပါ။ ဖိုးထောင်ဒီလိုဘဲတွေးနေတတ်တယ်။
  နှစ်တွေကြာလာခဲ့သည့်တိုင်အောင် အမေပြန်လာဖို့ ဖိုးထောင် မျှော်လင့်နေခဲ့ပါသေးတယ် ။ တစ်ခြားအိမ်က လူတစ်ယောက်သေသွားပြီး နောက်ပိုင်း အဲဒီအိမ်မှာ အဲဒီလူမရှိတော့ဘူးဆိုမှ ဒါဆို ဖိုးထောင်တို့အမေလည်း မရှိတော့ဘူးပေါ့ လို့သိလိုက်ရတယ်။
  တစ်ခါတရံ နွားကျောင်းပြန်လာသူတွေက " ဟေ့ ကောင်ဖိုးထောင် မင်းအမေနဲ့ တွေ့ခဲ့တယ်ကွ ပြန်လာနေတာ ဘယ်နားရောက်နေပြီ" ဆိုပြီး လာပြောင်တိုင်း ဖိုးထောင်လေ ရွာခြေရင်းနားက ရေချိုးဆိပ်နားလေးမှာ အမေ့အပြန်ကို စောင့်မျှော်ရင်းသွားကြိုရတာအမောပါဘဲ။
   ခြောက်နှစ်ကျော်ကျော်လေးရှိသေးတဲ့ ဖိုးထောင်ကို ဘာလို့များထားခဲ့တာလဲ အမေရယ်။ အမေမရှိတော့တဲ့ နောက်ပိုင်းမှာ အမေမရှိခြင်းရဲ့အားနည်းချက်တွေ စတင်တော့တာပါဘဲ။ ၄င်းအားနည်းချက်တွေကတော့ မိထွေးနဲ့ နေရခြင်းက စတင်လာခဲ့တယ်။  ဒါပေမယ့် ဖိုးထောင်ရဲ့ မိထွေးဟာ ထင်သလောက် မဆိုးပါဘူး။ သူ့သားမဟုတ်သော်လည်း သူ့လင်ရဲ့သားဆိုတဲ့အသိနဲ့ မငြိုငြင်ခဲ့ပါဘူး။
 နိယာမဆိုးကျိုးကိုတော့ ရှောင်လွဲလို့တော့ဘယ်ရမလဲ အမေ။ ဥပမာ အမေရှိတုန်းက အဖေရော အမေရော စုပုံချစ်ခဲ့ကြတယ့် မေတ္တာတရားတွေဟာ အမေမရှိတော့ ထက်ဝက်ဆုံးရှုံးသွားခဲ့တယ်။ အဖေ့ဆီက မေတ္တာ ကိုလည်း အတိုးရ မရသေချာမသိပေမယ့် မိထွေးဆီ ဖအေတူ မအေကွဲ ညီလေး ညီမလေးတွေဆီ ခွဲပေးလိုက်ရတယ်လေ။ ဒီနိယာမကိုတော့ မရှောင်လွဲနိုင်ခဲ့ပါဘူးအမေရယ်။  နောက်ထပ်ကြောက်စရာအကောင်းဆုံးဆိုးကျိုးလည်းထုံးစံအတိုင်းရလိုက်ပါသေးတယ် ။
  အမေရဲ့ စောစောစီးစီးနှုတ်ဆက်ခြင်းခံလိုက်ရတဲ့ အမေ့သားဖိုးထောင် ဟာလေ အမေ့ရဲ့ အဆုံးအမ ကို ဘာတစ်ခုမှ မရလိုက်ဘူးမဟုတ်လား။ အမေရှိတုန်းက ခြေထောက်တွေနဲ့ကန် အမေ့သားမြတ်ကိုကိုက်ဖဲ့လုပ်ခဲ့တဲ့ အမေ့သားလေ အမေမရှိတော့သည့်တိုင်အောင် အမေ့ကို ဒုက္ခပေးလို့ကောင်းတုန်းပေါ့။ သေသွားတဲ့ မြတင်သားလေ ဘယ်သူ့ကိုရိုက်လိုက်သတဲ့။ ဘယ်ကောင်မလေးကို ဘာညာတဲ့ သဘောပြောတာပါအမေရယ် ဒါလောက်ပေတူးနေတဲ့ အမေ့သားကို ဘယ်ကောင်မလေးမှ အကပ်မခံပါဘူးဗျာ။ ဘာဘဲပြောပြော အမေ့အဆုံးအမကိုမရခဲ့တဲ့ အမေ့သား မလိမ္မာတာ အမေ့မှာတာဝန်မရှိပါဘူး အမေ။
 အမေ့သားကို အမေကိုယ်တိုင် မဆုံးမနိုင်ခဲ့ပေမယ့် အမေရယ် အမေတို့ကိုးကွယ်လာခဲ့တဲ့ ရွာဦးကျောင်းဆရာတော်က အမေ့ကိုယ်စား ဆုံးမလာလိုက်တာ အခုဆိုရင်  အမေ့သား နည်းနည်းလိမ္မာနေပါပြီအမေ။ အမေတို့ ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမဟာ အမေ့အဆုံးအမပေါ့အမေ ။ အမေ ကောင်းရာသုဂတိကနေ သာဓုခေါ်နိုင်ပါစေ အမေ။
                                ဖိုးထောင်
                       အမေနေ့ အမှတ်တရ

No comments:

Post a Comment