Thursday, March 10, 2016

ငွေကိုလိမ်​ပါ လူ​တော့ခိမ်းသာ​ပေးပါ ၃

ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ (၃)
     ====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)
                              အခန်း(၃)
" ဗျို့ ကိုဖိုးထောင် ဒီနေ့ ကြံတင်မယ် ကားထွက်မယ်တဲ့"
    "ထွက် ထွက်ပေါ့ကွ ငါနဲ့ ဘာဆိုင်လို့ "
  "ဟာ မင်းတို့ကားထွက်မယ်ပြောတာ ကြံတင်သမားကရှာမရ ချမ်းချမ်းအေးအေးနဲ့ ဘယ်သူမှလည်း ကားနောက်မလိုက်ချင်ဖြစ်နေလို့ ကားအုံနာက လာပြောခိုင်းလို့ပြောတာ"
 "အေး အေးပါ "
"အေး "လို့သာပြောလိုက်တာပါ ဖိုးထောင် သူဌေးလောင်း အဲဒီအလုပ်မျိုးစိတ်မဝင်စားတော့။ သို့သော်လည်း ရန်ကုန်သွားဖို့ လမ်းစရိတ်တော့ ရှာထားတာကောင်းပါတယ် ဆိုပြီး အေးလိုက်ခြင်းသာဖြစ်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အိပ်ရာထ မျက်နှာသစ်ပြီး မျက်နှာသုတ်ဖို့တောင်မေ့နေလေရဲ့။ လာပြောတဲ့ကောင်ကတော့ ဆိုင်ကယ်နဲ့လာတာ ။ သူက တန်းပြောပြီး တန်းသွားဖို့ လုပ်ထားသလားမသိပါဘူး ဆိုင်ကယ် စက်မရပ်ဘဲ လာအော်တာဗျာ့။ ဖိုးထောင်က အင်တင်တင်လုပ်နေလို့ စက်ရပ်လိုက်တယ် ။ ဖိုးထောင် မသေချာရင်လည်း တစ်ခြားတစ်ယောက်ရှာရမှာဆိုတော့ မသေချာလို့မဖြစ်။ ဒီကြားထဲ ဖိုးထောင်က ထရစ်လိုက်သေးဆိုတော့ စက်ရပ်လိုက်ရတယ်လေ။ အခု စက်ပြန်နိုးဖို့ စတပ်ဆွဲတော့ မထွက်တော့။ ချမ်းချမ်းအေးအေးနဲ့ ကစ်နင်းနိုးရတာလွယ်တဲ့ကိစ္စမဟုတ်။ နှင်းစိုစိုနဲ့ ချော်နင်းမိရင် ခေါ့်နေအောင်နာတာကလား။ ကစ်တစ်ခါနင်းကြည့်တယ် မထွက်ဘူး။ နှစ်ခါနင်း မထွက်ဘူး။ ချုပ်ဆွဲပြီး နင်းကြည့်ပြန်တယ် မထွက်ပြန်ဘူး။ သူစိတ်မရှည်တော့ ။
"အရေးထဲ ဆိုင်ကယ်စုတ်ကတစ်မျိုး မအေပေးတွေကတစ်မျိုး လုပ်စားရတာကလည်း လခွီးတဲ့မဘဲကွာ" ဆိုပြီး ဒေါကန်ကန်နဲ့ ဆောင့်နင်းလိုက်တော့မှ ဗြီး ဆိုပြီး စက်သံထွက်လာခဲ့သလို ဆိုင်ကယ်လည်း ထွက်သွားခဲ့လေရဲ့ဗျာ။ သူဌေးလောင်းဖိုးထောင်တို့ကတော့ အေးဆေးပေါ့။
   ဖိုးထောင် အိမ်ထဲဝင် ဘက်ထရီအိုးမှာ အားသွင်းထားတဲ့ ဖုန်းကိုဖြုတ်လိုက်သည်။ ဖုန်း ပါဝါဖွင့်လိုက်သည်။ အင်တာနက် ဖွင့်သည် ။ ဖေ့ဘုတ်ဖွင့်ကြည့်လိုက်သည်။ထုံးစံအတိုင်း အဝိုင်းလည်နေသည်။ စာတွေတစ်ချို့တက်လာခဲ့သည်။ ပုံတွေ မတက်နိုင် ပုံနေရာမှာ အဝိုင်းတွေသာ တွင်တွင်လည်နေသည်။လိုင်းအနေအထား စစ်ကြည့်သည် လိုင်းကောင်းတဲ့ အနေအထားရှိနေသည် ဘာကြောင့်မတက်ပါလိမ့်။ *124# နှိက်ပြီး ဘေစစ်ကြည့်လိုက်သည် ။ ၂ ကျပ်သာ ကျန်တော့သတဲ့ သေထား။
 အရေးမကြီး မနက်ဖြန် တစ်ရက်နေ့ ထီဖွင့်တော့မည်။ နောက်နေ့ ကျရင် ဘေ လျှံကျနေအောင်ကိုထည့်ပစ်လိုက်မည်။ အခုတော့ အင်တာနက် ပိတ်ထားရုံသာရှိသည်။
  "  ကိုကြီးဖိုးထောင် ထမင်းစားမယ် "
  " အေး အေးညီမလေး ကိုကြီးလာပြီ "
  ဖိုးထောင် ထမင်းဝင်စားလိုက်သည်။ အမေကတော့ ထမင်းစားနေရင်း ညကအိပ်မက်တွေအကြောင်းတောင်ပြောနေလေရဲ့။ ဘာတွေမက်တယ်ထင်သလဲ ဖိုးထောင်လိုဆိုရင်တော့ မိုးယုစံနဲ့ ချောင်းသာကမ်းခြေမှာ မင်းအောင်သီချင်းထဲကလို "ငွေသောင်ယံ သဲပွင့်လေးထဲမှာ အချစ်ရယ်ပြေးကစားမယ် ကိုယ်ကခေါ်ရင် ချစ်သူရေ လိုက်မှာလားကွယ့် အချစ်နဲ့တွဲလို့ မေလည်းဖောင်ပြင် မောင်လည်းဖောင်ပြင် " ဆိုသလိုနေမှာပေါ့ အဟဲ  လူပျိုကြီးအတွေးက အဲသလို တလွဲကြီးပါဆိုနေမှ။
 အမေကျတော့ အဲလိုဘယ်မက်မလဲဗျာ့ အမေမက်တာကဒီလိုတဲ့။ ဘုရားဖူးသွားရတယ်ဆိုဘဲ ဘုရားတွေမှ မြန်မာပြည်ထဲက ဘုရားတွေတောင် မဟုတ်ဘူးတဲ့။ ဘုန်းကြီးကျောင်းက ဓာတ်ပုံတွေထဲက ဘုရားတွေတဲ့။ ဘုန်းကြီးကျောင်းက ဓာတ်ပုံတွေထဲက ဘုရားတွေဆိုတော့ ဘုန်းကြီး ဗုဒ္ဓဂါယာ သွားတုန်းက ပါလာတဲ့ ဓာတ်ပုံ တွေကို ဖိုးထောင်ပြေးမြင်မိပါတော့သည်။ ဒါဆိုရင် အမေ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရတယ်လို့ အိမ်မက်မက်တာပေါ့။
 အိပ်မက်နဲ့ ဖူးရလည်း နည်းတာမှတ်လို့ အမေရယ်။ အမေ အဲဒီဘုရားတွေကို တကယ်ဖူးရတော့မှာပါဗျာ့။ဘယ်လောက်ကုန်မှာမို့လို့လဲ အမေရယ် ။ ဒီသိန်း နှစ်ဆယ် သုံးဆယ်လောက်ကတော့ အမေ့သား သူဌေးလောင်းဖိုးထောင် စာမဖွဲ့ပါဘူးအမေ ပေါ့ဗျာ။
   ဖိုးထောင် ဒီနေ့ညနေပိုင်းအထိ အလုပ်လုပ်ရတာ စိတ်မပါသလိုပါဘဲ။ ကြံတင်တဲ့ လူငယ်လေးတွေနဲ့ ပြိုင်တင်နေရလို့သာ အားတင်းလုပ်နေခြင်းသာဖြစ်သည်။ ညနေပိုင်း ကြံတင်ပြီးတော့ အိမ်ပြန်လာခဲ့သည်။ ကားကညကျမှ ထွက်မှာဆိုတော့ ရေမိုးချိုးပြီး ထုံးစံအတိုင်း ဗမာမ အပျိုကြီးဆိုင်နားထွက်လာခဲ့သည်။
  ထုံးစံအတိုင်း ဘီယာ သောက်မလို့မှာရတာပေါ့။
 အပျိုကြီးက ဘာပြောတယ်မှတ်သလဲ
"ကိုဖိုးထောင် ဘီယာရက်ဆက်သောက်နေတာ ဒီနေ့နဲ့ဆိုရင် နှစ်ဆယ့် တစ်ရက်တောင်ရှိနေပြီ ကိုဖိုးထောင် ဘီယာစွဲနေပြီထင်တယ် " တဲ့
  ဗုဒ္ဓေါ ရက်အတိအကျတောင်တွက်ထားပါလားဗျာ့။
အပျိုကြီးစကားပြောပုံက ခါတိုင်းလိုထက် ထူးဆန်နေသလိုဘဲ။
 "မသောက်နဲ့လို့ ကျမ တားပိုင်ခွင့်မရှိပါဘူး ဒါပေမဲ့ ကျန်းမာရေး ထိခိုက်မှာစိုးလို့ပြောတာပါ။ရောင်းနေရရင်ပြီးတာဘဲ လို့ တစ်ခြားလူကို သဘောထားတယ်ဆိုရင်တောင် ကိုဖိုးထောင်ကို သဘောမထားနိုင်အောင် ခင်လို့ပြောတာနော် ကိုဖိုးထောင် "
 "အဲဒါဆိုလည်း ကော်ဖီမစ်ဘဲဖျော်ပေးပါဗျာ"
"အလို ချက်ချင်းကြီးပြောင်းသွားပါလားကိုဖိုးထောင်ရယ်"
  " ဖိုးထောင်လည်းစဉ်းစားနေတာ အမေကလွဲလို့ တစ်ခြားလူပြောတာဆိုရင် မပြောင်းလောက်ဘူးဗျာ့ အစ်မရဲ့ ခင်မင်မှုကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ကော်ဖီမစ်ပြောင်းသောက်တာပါ"
  အဲသလို အပြန်အလှန်လေးစားမှုရှိနေသမျှ ကာလပတ်လုံး လောကကြီးအေးချမ်းနေမည်ဖြစ်ကြောင်းတွေပြောနေကြရင်း ခဏနေတော့ ညီမလေးရောက်လာခဲ့တယ်။
 " ကိုကြီးဖိုးထောင် အိမ်မှာညေ့်သည်ရောက်နေတယ် အမေပြောတယ် အခုပြန်လာတဲ့ "
 " အေး အေးလာပါပြီ ဘယ်ကဧည့်သည်လည်းသိလား"
   " မသိပါဘူး ဗမာမတွေဘဲ "
                                        ဆက်ပါဦးမည်

No comments:

Post a Comment