ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ( ၆ )
====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)
အခန်း (၆)
ဒီနေ့ အင်္ဂလိပ် လေးရက်နေ့ ဖိုးထောင် မနက်ကိုးနာရီလောက်မှ အိပ်ရာထသည်။ ညက ကြံကားများသဖြင့် တန်းစီနေရသည် ။ အိမ်ပြန်ရောက်တော့ လင်းခါနီးနေပြီဆိုပါတော့။ အဲဒါကြောင့် ဖိုးထောင်ကို ဘယ်သူမှမနိုးညီမလေးလည်းကြံခုတ်သွားခဲ့ရောပေါ့။ အမေကတော့ ရေမိုးချိုးပြီး အိမ်ပြန်လာသည်။ အိမ်ခန်းထဲဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ လက်ဆွဲအိပ် ယူထွက်လာခဲ့သည်။ အမေ့အဝတ်တွေ လုံချည်တွေ အိပ်ထဲထည့်နေသည်။ အမေ သိတ်မြတ်နိုးသော ယောဂီထဘီ နဲ့ အင်္ကျီ အဖြူကိုသီးသန့်ခေါက်ထည့်နေသည်။ ယောဂီတဘက်ကလေးကို သေချာခေါက်ထည့်နေသည်။ ဖိုးထောင် အမေ့ကိုကြည့်ပြီးစိတ်မကောင်း အလိမ်ခံရတဲ့ကိစ္စ အမေမသိသေးပေ။ ဖိုးထောင် အမေ့ကို ဘယ်ကနေစပြီး ဘယ်လိုပြောရမှာလဲ အမေရယ်။ အမေ့ယောဂီရောင်ဝတ်စုံလေးနဲ့ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီကြီးကို သက်တော်ထင်ရှားဘုရားအမှတ်နဲ့ အားရပါးရဖူးပစ်လိုက်မယ် ဆိုတဲ့ အမေ့စိတ်ကူးတွေကို အမေ့သားမိုက် ဖိုးထောင်က ဘယ်လိုဖျက်ဆီးရက်မှာလဲ အမေရယ်။ ဖိုးထောင်သာ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဆိုရင်လေ ဘယ်လောက်ဘဲကုန်ကုန် လိုက်ပို့ပေးချင်ပါတယ်အမေ။ ခုတော့ အမေ့သားဖိုးထောင်လေ ထမင်းနပ်မှန်ရေးတောင် မနည်းရုန်းကန်နေရတဲ့ ဘဝ။ မင်္ဂလာဆောင်စရိတ်တောင် အမေ့ကိုဖိအားမပေးချင်တာနဲ့ မစွံနိုင်တဲ့လူပျိုကြီးဘဝ ။လောကကြီးက ဘာလို့ မတရားတာလဲ အမေရယ်။ ဖိုးထောင် အမေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။အမေလည်းဖိုးထောင်ကိုပြန်ကြည့်တော့ အမေနဲ့ အကြည့်ချင်းအဆုံမှာ အမေ တစ်ချက်တည်း မျက်နှာပြောင်းသွားခဲ့တယ်။ အမေသိတာပေါ့ ဖိုးထောင် ဘာဖြစ်နေပြီဆိုတာ ။ ဖိုးထောင် မမွေးခင်တုန်းကရင်း ဖိုးထောင် ဘာစားချင်နေတယ်ဆိုတာ သိနေတဲ့ အမေလေ။ သိတ်သိတာပေါ့။အကြောင်းရင်းသာမသိရှိရမယ် ဖိုးထောင် အမေ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတယ် ဆိုတာကတော့ မပြောချင်နေ သိနေတယ်မလားအမေ။
" သား ဖိုးထောင် ဘာဖြစ်နေတာလဲ နေမကောင်းဘူး
လား"
"ကောင်းပါတယ် အမေရဲ့ ဘာဖြစ်နေလို့လဲ"
" သား မျက်နှာမကောင်းလို့ မေးနေတာ ဘာလို့လဲ ထီမပေါက်လို့လား ထီမပေါက်လည်း ဘာဖြစ်လဲ သားရယ် ဘုရားဖူးမဲပေါက်တာဘဲဥစ္စာ"
ဖိုးထောင်ရင်ထဲ ဆို့နင့်သွားသည် ။ မပြောရင်လည်း ဒီကိစ္စပြီးတော့မည်မဟုတ် ။ နေမြင့်လေ အရူးရင့်လေဖြစ်တော့မည်။ ပြောလိုက်ရင်လည်း အမေ့မျှော်လင့်ချက်တွေ
စိတ်ကူးထားတာတွေ အားလုံးပျောက်ကွယ်သွားလို့ အမေစိတ်မကောင်းဖြစ်တဲ့ အဖြစ်မျိုး ဖိုးထောင်လုံးဝ မမြင်ရက်။ ဒီလိုဖြစ်အောင် ဒီလူတွေ ဘာလို့ စီရင်ခဲ့ကြတာလဲဗျာ။ လိမ်သွားတဲ့ ငွေကို ဖိုးထောင် မနှမြောဘူး အမေ။ ငါတို့ ဗုဒ္ဓဘုရားပွင့်သွားတဲ့ နေရာက ဘုရားတွေကို သက်ရှိထင်ရှား ဘုရားအမှတ်နဲ့ တစ်ဝကြီးဖူးလိုက်မယ် ဆိုတဲ့ အိပ်မက်တောင်လိုက်နေတဲ့ အမေ့မျှော်လင့်ချက်ကို ဖျက်ဆီးသွားတာ အရမ်းနှမြောတယ်ဗျာ။
"ပြောလေ ဖိုးထောင် ဘာဖြစ်နေတာလဲ အမေ့အတွက်ဘာတွေတွေးပူနေတာလဲ"
"အမေ အဲဒီထီရောင်းတဲ့ မိန်းမတွေဟာ အလိမ်တွေအမေရဲ့ ကျနော်တို့ကိုလိမ်သွားတာ"
" ဟေ ! ဟုတ်လို့လားသားရယ် ဒါဆိုအမေ ဘုရားဖူးမသွားရတော့ဘူးပေါ့"
"ခု မသွားရပေမဲ့ နောက်ခါ သွားရအောင် ဖိုးထောင်ကြိုးစားပါ့မယ်အမေရယ်"
ဖိုးထောင် အားပေးပေမဲ့ အမေစိတ်မကောင်းဖြစ်နေခဲ့ပါပြီ။ မဖြစ်ဘဲနေပါ့မလား အမေ့စိတ်ကူးထဲက ဘုရားဖူးခရီးစဉ်တစ်ခုလုံးလေထဲမှာပျောက်သွားတာလေ။
သူကိုယ်တိုင်ကလည်း ဘုရားဖူးဆိုရင် အသေသွားရ သွားရ အရှင်သွားရ သွားရ သွားချင်နေမိတာကိုက မှားတာလား။ ရွာထဲမှာဆို ဆရာကြီးလိုလို ဘာလိုလိုနဲ့ ပါလေရာ မောင်တိုးလုပ်နေပြီး ဒီလိုလာလိမ်တာတောင် လိမ်မှန်းမသိတဲ့ သူ့သားဖိုးထောင်ကိုဘဲ အသုံးမကျလေခြင်းလို့ အပြစ်တင်ရမှာလား ။ ဒါမှမဟုတ် စနစ်တကျ ပိုင်ပိုင်နိုင်နိုင် ပီပီပြင်ပြင် လာလိမ်သွားတဲ့ ဗမာမနှစ်ယောက်ကိုဘဲ လုပ်ရက်လေခြင်းလို့များရွံမုန်းနေလေမလား ဖိုးထောင်လည်းမပြောတတ်တော့ပါဘူးဗျာ။
အမေ ဘာစိတ်ကူးပေါက်တယ်ဆိုတာတော့ ဖိုးထောင်မသိ။ အမေပြောလာတဲ့ စကားကတော့ အမေနဲ့ ရင်းနှီးတဲ့ ဟိုဘက်ရွာက ဘုန်းကြီးဆီ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါလားတဲ့။ တို့သားအမိ ကံဇာတာ မကောင်းများဖြစ်နေသလား သွားမေးရအောင်တဲ့။ ဖိုးထောင် ဘာမှပြောစရာမရှိတော့ ဆိုင်ကယ်ထုတ်ပြီးလိုက်ပို့ရုံသာရှိချေတော့သည်တကား။
ဆိုင်ကယ်နဲ့ဆိုလျင် ၁၅ မိနစ် သာသာလောက်မောင်းလိုက်ရင် ဟိုဘက်ရွာရောက်တာပါဘဲ။ ရောက်တော့ ဘုန်းကြီးနဲ့တွေ့ပါတယ်။ ဘုန်းကြီးကတော့ လာရင်းကိစ္စမေးတယ်လေ။ အမေကလည်း အလိမ်ခံရတဲ့အကြောင်း ဗမာမ နှစ်ယောက်က ပီပီပြင်ပြင် လာလိမ်သွားကြောင်းလျှောက်တင်နေတယ်။ ဘုန်းကြီးက ပြုံးပြီး ဘာမိန့်တယ်မှတ်လဲ " ငါ့တစ်ပါးတည်းကို လာလိမ်သွားတယ်မှတ်နေတာ အဖော်ပါသေးတာကိုးကွယ့်" တဲ့။ ဘုန်းဘုန်းဆီမှာလည်း ဘုရားဖူးကံစမ်းမဲပေါက်သလို ဘာလိုလုပ်ပြီး ပတ်စပို့လုပ်ပေးမယ် ဗီဇာယူပေးမယ် ကားနဲ့ အကြိုအပို့လုပ်မယ် ဘာညာနဲ့ စရိတ် ငါးသိန်းတောင်းယူသွားတာတဲ့။ ဘုန်းဘုန်းကလည်း ဘုရားဖူးရမယ်ဆိုတော့ ဝမ်းသာအားရ ပေးလိုက်တယ်တဲ့လေ။ ပြီးမှ ရန်ကုန်က သူ့ တပည့် ရဟန်းတွေကို စုံစမ်းခိုင်းတော့မှ အလိမ်မှန်းသိရတယ်တဲ့။
အမေက ကံဇာတာများ နိမ့်နေသလား လာမေးတာဆိုတော့ ဘုန်းဘုန်းက ဒီလိုမိန့်လိုက်တယ် ဆိုပါတော့
" ဒကာမကြီး ကံဇာတာ နိမ့်စရာမရှိတော့ဘူး မြင့်ဖို့ဘဲ ရှိတော့တယ် ဘာလို့လဲသိလား အလိမ်ခံရတာမဟုတ်ဘူး ဒကာမကြီးရဲ့ ဝဋ်ကြွေးဆပ်လိုက်တာပါ"တဲ့
ဘုန်းဘုန်းပြောတာတော့ အများကြီးဘဲ ပြုသူအသစ် ဖြစ်သူ အဟောင်း ဆိုလား ဘာလား ။ လိမ်သွားတဲ့ ဗမာမတွေက ဝဋ်ကြွေးအသစ် ယူသွားခဲ့ကြတာ ဘာနဲ့တူလဲဆိုရင် ငရဲပြည်က လွတ်ခါနီး ငရဲသားခေါင်းမှာ ဓားစကြာလည်နေတာကို ခုမှရောက်လာတဲ့ ငရဲသားမျက်စိထဲမှာ သရဖူလှလှပပ ဆောင်းထားတာချည်းမြင်နေလို့ မရမကတောင်းသလိုမျိုးတဲ့။ ဒီလိုပါဘဲ ငါတို့ လွတ်မြောက်ချိန်တန်လို့ ဒီဗမာမတွေ သရဖူ မှတ်ပြီးတောင်းသွားခဲ့ကြတာ ။ သံဃိကငွေ ဆိုတော့ ပိုဆိုးမှာပေါ့ သနားလိုက်ကြစမ်းပါ တဲ့။ ငါတို့ကရော ဘာလို့ပေးလိုက်ရလဲ သိလား တဲ့ ။လိမ်မှန်းမသိလို့ ပေးလိုက်ရတာဘုရားပေါ့။ လောကအမြင်ကတော့ မင်းပြောတာဟုတ်တယ် တဲ့ တကယ်တမ်းကျတော့ ပေးစရာအကြွေးရှိလို့ ပေးလိုက်ရတယ်တဲ့ ။ဇောတိက သူဌေးအိမ်ကို အဇာတသတ် ဓားပြတိုက်လို့မရပုံတွေ ဇောတိက မပေးရင် ဘာမှယူလို့မရပုံတွေ ပြောပြနေတော့တာပါဘဲ။ ဇောတိက သူဌေး ဥစ္စာကို ရှင်ဘုရင်သားကတောင် ယူလို့မရတာ ဘာလို့လဲသိလား တဲ့ မေးပြန်တယ် မိန့်ပါအုံးဘုရား ဆိုတော့ ဇောတိကသူဌေးရဲ့ တစ်သံသရာလုံး သူများဥစ္စာ မတရားသဖြင့် မယူခဲ့ဖူးလို့တဲ့။
နောက်ဆုံးတော့ ဒကာမကြီးမေးတဲ့ ကံဇာတာကို တွက်ပေးရရင် ဒီလအတွင်းမှာကိုက ဒကာမကြီးတို့ စည်းစိမ်တောင်မကဘူး ခန္ဓာတောင်ပျက်ကိန်းရှိနေတာ ခုတော့ အလိမ်ခံရတဲ့ ငွေနဲ့ ကြေသွားပြီ ဆိုပြီး အားပေးစကားတွေမိန့်ကြားလိုက်တယ်ဆိုပါတော့ဗျာ။
နောက်ဆုံးပြန်ခါနီးမှာ မှာလိုက်တာကတော့ သူတို့ ဗမာပြည်မှာ သူတို့ဟာ သူတို့ နေနေကြတဲ့ ဗမာတွေကိုတော့ မပြောလိုဘူးတဲ့ ။ ငါတို့တောင်ပေါ်ကို အရောင်းအဝယ်လိုလို ဘာလိုလိုနဲ့ ရောက်လာကြတဲ့ ဗမာတွေကတော့ ၉၅ ရာခိုင်နှုံးလောက်ဟာ လူလိမ်ဖြစ်ဖို့များတယ်ကွ
ဖိုးထောင်ရေ အဲဒါတွေ သတိထားရှောင်ကွာ အပြောကောင်းတဲ့ဗမာ ဆို ပိုသတိထားတဲ့ဗျာ။
ဆက်ပါဦးမည်။
No comments:
Post a Comment