ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ (၂)
====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)
အခန်း (၂)
" ကိုကြီးဖိုးထောင် "
" ပြော "
" ဘေဖိုး တစ်ထောင်လောက် ပေးစမ်းပါနော်"
"လောလောဆယ် မရှိသေးဘူး "
"မနေ့ တစ်နေ့က ကိုကြီးကားနောက်လိုက်ခ သွားရှင်းလာသေးတာကို "
"ငါ့မှာရှိတဲ့ ပိုက်ဆံ အကုန်ပေါင်းမှ နှစ်သောင်းလောက်ရှိတော့တာဟဲ့"
"အဲထဲက တစ်ထောင်လေးတောင်းတာကို "
"နောက်လကျရင် ငါရန်ကုန်သွားဖို့ သိမ်းထားတာဟ "
" အစ်ကိုကြီးက ရန်ကုန်ဘာသွားလုပ်မှာလဲ "
" ပိုက်ဆံသွားထုတ်မှာပေါ့ ငါထီထိုးထားဘဲဥစ္စာ "
" အလို !!ထီထိုးထားတိုင်းသာပေါက် "
" ဟိုး ဟိုးထား နင့်အပေါက်ပိတ်ထား ဆက်မပြောနဲ့ ငါမကြားချင်ဘူး ရော့ ရော့ နင့်ဘေဖိုး တစ်ထောင်"
ဖိုးထောင် ထီထိုးပြီး စိတ်ကြီးဝင်နေခဲ့ပါပြီ။ ထီ သိန်းထောင့်ငါးရာ သွားထုတ်ပြီးလို့ကတော့ ညီမလေးကို သိန်းဆယ်ချီတန် Apple တံဆိပ် အကောင်းစားကို ဝယ်ပေးလိုက်မှာဗျာ့။ ညီမလေးကိုလည်း တစ်ခါတည်းပြောထားမယ် ဘယ်ကကောင်မှန်းမသိ ဘာကောင်မှန်းမသိ တရုတ်ဟန်းဆက်စုတ်တွေနဲ့ ဆက်လာရင် ချက်လာရင် လုံးဝ အဖက်မလုပ်နဲ့လို့ ဆိုတာမျိုး။ Vivo Oppo တွေ အသံထွက်လာလို့ကတော့ နင့်သူငယ်ချင်းဖုန်းတောင် မကိုင်နဲ့ကြားလား ဆိုတာမျိုးပေါ့။ လောလောဆယ် ကိုးပက် လေးသောင်းခွဲတန်လေး မနည်းခြစ်ကုတ်ဝယ်ပေးထားရတာများ ကြီးကြီးကျယ်ကျယ်။
ဟိုနေ့ကလည်း အစည်းဝေးတက်ရင်း လူကြီးတွေထိုင်မယ့်နေရာ သွားဝင်ထိုင်နေလို့ ရာအိမ်မှူးက ဖယ်ခိုင်းတာ နဲ့ ဒေါကန်ပြီးပြန်လာခဲ့သေးတယ်။ဖိုးထောင်က အချဉ်မှ မဟုတ်တာဗျာ ပေါက်မလွဲ ထီစုံတွဲ ထိုးထားတဲ့ သူဌေးလောင်းပါဗျာ့။ နှယ်နှယ်ရရမှ မဟုတ်တာ ။ပျင်းသေးတယ် မင်းတို့ အစည်းဝေး ငါမတက်ဘူးကွာ ရော့ ဒါဏ်ငွေ သုံးထောင် ဆိုပြီး တစ်ခါတည်းဆောင်ပြီး ပြန်လာလိုက်တယ်လေ အေးတာဘဲ။ ဖိုးထောင် ထီသွားထုတ်ပြီးသွားလို့ကတော့ မင်းတို့ အစည်းဝေး တစ်နှစ် ဆယ်ခါလုပ်
သုံးသောင်းမကဘူး ငါးသောင်းဆောင်ပြီး ဘယ်တော့မှမတက်ဘူးကွာရှင်းလား ဆိုတာမျိုး။ဖိုးထောင်တို့ရွာမှာက အစည်းဝေးမတက်ရင် ၃၀၀၀ ဒါဏ်ရိုက်တယ်လေ။
ဟိုနေ့ကလည်း ရွာထဲက ဗမာမ အပျိုကြီးဈေးဆိုင်မှာ ကျောင်းနေဖက် သူငယ်ချင်းနဲ့တွေ့တယ်လေ ။ သူက အလုပ်တွေ အဆင်ပြေကြောင်းတွေပြောပြီး ဖိုးထောင်ကို ဘီယာအဝတိုက်မယ် သောက်ချင်သလောက်သောက် ဆိုတာနဲ့ သောက်ကြတယ်ဆိုပါတော့ ။လေးငါးခြောက်ဗူးလောက်ကုန်သွားတော့ မူးလာတာနဲ့ ပြန်အုံးမယ် ဆိုပြီး နှုတ်ဆက်တော့ သူငယ်ချင်းက
" ဖိုးထောင် မင်းကို ဘီယာတိုက်တဲ့ အကျိုးလေး ဆုလေးဘာလေး တောင်းသွားပေးပါအုံးလားကွာ"
"အေး အေး ဟုတ်ပေသားဘဲ သိန်း ၅၀၀ ဆုကြီးနဲ့
ထီပေါက်ပါစေကွာ"
" ဟာ မင်းဟာကလည်း လေနဲ့ ဆုတောင်းပေးတာတောင် သိန်းထောင်မချီနိုင်ဘူးလားကွာ"
"ငါလည်း ထိုးထားတယ်လေကွာ ငါထိုးထားတာမှ ဟိုးရန်ကုန်ကရင်း လာရောင်းတဲ့ အစောင် ၅၀ ပါ ပေါက်မလွဲ ထီစုံတွဲကွ သူငယ်ချင်းရ " ဆိုပြီးပြန်လာခဲ့တယ်ဆိုပါတော့။သူငယ်ချင်းကတော့ ရယ်ပြီးကျန်ခဲ့လေရဲ့။
အဲသလိုကို စိတ်ကြီးဝင်နေတာဗျို့။
ဆက်ပါဦးမည်
No comments:
Post a Comment