Thursday, March 24, 2016

ငွေကိုလိမ်​ပါ လူ​တော့ချမ်းသာ​ပေးပါ

ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ(၄)
     ====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)                        
                             အခန်း (၄)
   ဖိုးထောင် အိမ်ပြန်လာခဲ့သည်။ ဧည်သည် ဆိုလို့ဘယ်သူများလည်းမှတ်တယ် ဟိုနေ့က ထီလာရောင်းသွားတဲ့ ကျေးဇူးရှင် ဗမာမတွေပါလားပေါ့။ ဖိုးထောင်ရောက်လာတော့ သူတို့ ဖိုးထောင်အမေနဲ့ စကားပြောနေကြသည် အမေ့မျက်နှာလည်းပြုံးလို့ ပေါ့။ ရေနွေးဗန်းတွေချ မှုန့်တွေ ကော်ဖီမစ်တွေနဲ့ ဧည့်ခံလို့ပါလား။
 " ရောက်နေတာကြာပြီလားဗျာ့ "
  "မကြာသေးပါဘူး ခုနလေးမှရောက်လာတာ ရောက်ရောက်လာချင်း ကလေးမလေးကို သွားခေါ်ခိုင်းလိုက်တာ"
"အော် အော် သောက်ကြလေဗျာ ရေနွေး "
"ဟုတ်ကဲ့ ရေနွေးသောက်ရင်းစောင့်နေတာပါဘဲ ဒီလိုမောင်လေးရဲ့ ဒီမြို့နယ်က အစ်မတို့ဆီမှာ ထီထိုးတဲ့ ဦးပေါင်း ၅၀ ထဲမှာ ဒေါ်နန္ဒာလှိုင် က ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ် မဲပေါက်တယ်လေ။ အဲဒါလာပြောရင်း လိုအပ်တာကူညီရင်းဆိုပြီး ရန်ကုန်ကနေ ပြန်လာခဲ့ကြတာ ရောက်ရောက်ချင်း မနက်က ဟိုဘက်ရွာတွေက မဲပေါက်တဲ့လူတွေကို လိုက်ပြော အကူအညီလိုတာလုပ်ပေးနဲ့ မောင်လေးတို့ဆီ ခုမှရောက်လာခဲ့တာ"
  သူတို့ကပြောပြောဆိုဆို စာရွက် စာတမ်းတွေ ထုတ်ပြနေလေရဲ့။ စာရွက်စာတမ်းတွေကိုကြည့်လိုက်တော့ ရွာဦးဆရာတော် သွားတုန်းက ပတ်စပို့ လုပ်ဖို့ ဖောင်တွေဖြည့်သလိုမျိုးစာရွက်တွေလည်းပါသေးရဲ့။ ဖိုးထောင်မြင်ဖူးတာပြောတာပါ။ နားတော့ မလည်ပါဘူး။ မဲပေါက်တဲ့ အမည်စာရင်းတွေလည်းပါတာပါဘဲ။ ဖိုးထောင်တို့ အမေက နံပါတ် ၆ လောက်မှာ ဒေါ်နန္ဒာလှိုင် ဆိုပြီးပါလာတယ်ဗျာ့။ မသိရင် ရုပ်ရှင်မင်းသမီးလို့တောင် ထင်နေကြမှာ။ အဲဒီမှာ အမေ့ ကိုယ်ရေးအချက်အလက် မှတ်ပုံတင်အမှတ် စတာတွေ မေးပြီးဖြည့်သွင်းနေလေရဲ့
တစ်စုံတရာဖြစ်လို့ ဆက်သွယ်ရမယ့် သူ အမည် မှတ်ပုံတင် နေရပ်လိပ်စာ တော်စပ်ပုံ တွေဖြည့်တော့ ဖိုးထောင်လည်း ပါတော့တာပေါ့ဗျာ။ အဲဒီမှာ ပတ်စပို့လုပ်ဖို့ ဌာနဆိုင်ရာ အသီးသီးကိုတင်ရမယ်တဲ့ ။ အဲဒါအတွက် စရိတ်စက က ကိုယ့်ဟာကိုယ် ခံရမယ်တဲ့။ ရန်ကုန်ကနေ ဘုရားဖူး ခရီးစဉ် ပြီးဆုံးပြီး ရန်ကုန်ပြန်ရောက်သည်အထိ လေယဉ်ခရီးစရိတ် စားစရိတ်ကတော့ ထီဆိုင်ပိုင်ရှင် သူဌေးက ကျခံမှာတဲ့လေ။ ဒီကနေ အကြိုအပို့ ပတ်စပို့ စတာတွေအတွက် ကတော့ ခုရင်းပေးချေရမယ်တဲ့။ အဲဒါက ငါးသိန်းတဲ့ဗျာ။ မသွားနိုင်ဘူးဆိုရင်လည်း တစ်ခြားလူကို အစားထိုးသွားလိမ့်မယ်။ အဲဒါကျတော့ ကိုယ့်အခွင့်အရေးရှုံးတာပေါ့တဲ့။
 " လောလောဆယ် ကျနော့ဆီမှာ ငါးသိန်းမပြောနဲ့ ငါးသောင်းတောင်မရှိဘူးဗျာ့"
 "အဲဒါတော့ မောင်လေးတို့သဘောဘဲ ကျမတို့က အမေတို့ကို ရောက်ဖူးစေချင်တဲ့ စေတနာသက်သက်နဲ့ လာပြောရတာလေ ဟုတ်တယ်မို့လား အမေ ဒီလိုအခွင့်အရေးမျိုးက ရတောင့်ရခဲလေ အမေရဲ့။"
 " ဟုတ်တော့ ဟုတ်တာပေါ့ သမီးရယ် အိမ်မှာက မောင်ဖိုးထောင်ကိုဘဲ အားကိုးနေရတာ သူမတတ်နိုင်ဘူးဆိုရင်တော့လည်း အမေဘာတတ်နိုင်မှာလဲ "
  ဖိုးထောင် အမေ့ကိုလှမ်းကြည့်မိပါသည်။ အမေ ဘုရားဖူးသွားချင်နေတယ်ဆိုတာတော့ ဖိုးထောင်သိတာပေါ့။ မသွားချင်နေရိုးလား ဒီလိုအခွင့်အရေးမျိုးသူ ဘယ်လက်လွတ်ခံချင်ပါ့မလဲ။အသက်ကြီးလာတာနဲ့အမျှ ဘယ်လိုဘဲဖြစ်ဖြစ်ဘုရားဖူးကတော့သွားချင်ရှာမှာပေါ့။ငါးသိန်းဆိုတာ တကယ်ဆို ကိုယ့်ပြည်တွင်းကဘုရားတွေလျှောက်ဖူးလည်းကုန်တာပါဘဲလေ။အခုဟာက တကယ့်ဘုရားဖြစ်ခဲ့တဲ့နေရာမှာဖူးရမယ့်ဥစ္စာ။သို့သော်လည်းသူ့ဟာသူ ငွေရှာတာမဟုတ်လေတော့ အမေဘုရားဖူးသွားရခြင်းမသွားရခြင်းဟာ အမေနဲ့မဆိုင်တော့ ဖိုးထောင်နဲ့သာလုံးဝတည်မှီနေပြီလေ။ ဖိုးထောင် ပိုက်ဆံရှာပေးလျင်သွားမည် မပေးလျင်လည်းမသွားဘဲနေရုံရှိတော့မည်။သိတတ်တဲ့ သားလား မသိတတ်တဲ့သားလားဆိုတာ ဒီနေရာမှာ အဆုံးအဖြတ်ပေးရတော့မည်။ ဖိုးထောင်တစ်သက်လုံး ဒီအခြေအနေရောက်အောင် မွေးဖွားပေးလိုက်ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဆုံးမသွန်သင်လာတဲ့ အမေကိုတော့ သိတတ်တဲ့ အမေလား မသိတတ်တဲ့ အမေလား ဖိုးထောင်အနေနဲ့ ဘယ်လိုမှဝေခွဲနေစရာမလိုတော့ အဖြေက ရှင်းနေသည်။
   ကောင်းပြီလေ သေချာမသေချာဆိုတာ ဖိုးထောင်စုံစမ်းရုံသာရှိတော့သည်။ ဗမာမနှစ်ယောက်ကို ဖိုးထောင်တတ်သရွေ့ကြားဖူးသရွေ့ အမျိုးမျိုးမေးမြန်းကြည့်သည် ။ သူတို့လည်းအားလုံးစိတ်ရှည်လက်ရှည်ရှင်းပြနေသည်။ မှတ်ပုံတင် နေရပ်လိပ်စာ ဖုံးနံပါတ် အကုန်ပေးသည်။ သူတို့ထဲကတစ်ယောက်ဆိုလျင် ဘုရားဖူးခရီးစဉ်ကမ္ပဏီတစ်ခုက ခရီးသွားရှာဖွေရေးကိုယ်စားလှယ်တဲ့။
သူ့ကိုယ်စားလှယ်ကဒ်တောင် ထုတ်ပြနေသေးသည်။
 ဒီလိုဆိုတော့ ဖိုးထောင် အမေဖို့ ပိုက်ဆံရှာပေးရုံသာရှိတော့သည်တကား။ ရွာထဲက ငွေတိုးပေးနေတဲ့ သူငယ်ချင်းဆီ ဆိုင်ကယ်နဲ့ထွက်လာခဲ့သည်။ ငါးသိန်းလောက်လိုချင်တယ် ဆယ်ရက်လောက်တော့ကြာမယ်ဆိုပြီးယူချလာခဲ့တယ်လေ။ သူငယ်ချင်းဆိုတဲ့မျက်နှာနဲ့ အတိုးစကားလာမပြောနဲ့တဲ့ တစ်လကြာလည်းတိုးစရာမလိုဘူးလို့တောင်ပြောလာသေးတယ်။
   ဖိုးထောင်အိမ်ပြန်လာခဲ့တယ် အမေကတော့ ဖိုးထောင်ကိုကြည့်ကာကြည့်ကာနဲ့ပေါ့။ သူ့အတွက်ကိုဖိအားပေးနေရတာမျိုးစိတ်ကောင်းပုံမတူပါဘူး။ဖိုးထောင်တို့မောင်နှမအတွက် သူပေးဆပ်ခဲ့တာတွေကိုတောင် ထည့်မတွက်ဘဲ ခုလိုလေးဖိအားပေးတာလေးကို အားနာနေတဲ့ မျက်နှာမျိုးနဲ့ပေါ့။
  ဖိုးထောင် ဗမာမတွေနဲ့ ညှိရတော့မည်။ ၃၅၀၀၀၀ သာရလာခဲ့သည်။ ကျန်တဲ့ တစ်သိန်းခွဲ ခင်ဗျားတို့လာကြိုတဲ့နေ့ အကျေပေးမည်ပေါ့။ အဲလောက်ကျတော့ သူတို့ မစိုက်ထားနိုင်ကြောင်းတွေတော့ပြောနေသေးရဲ့။ ဒါပေမယ့် နောက်ဆုံးတော့ ၃၅၀၀၀၀ နဲ့လက်ခံသွားခဲ့ကြတယ်လေ။ မီးဖိုချောင်ထဲဝင်နေတဲ့အမေ ဒီကိစ္စကိုတော့တိတိကျကျ မသိလိုက်ပါဘူး။ အမေ့ကိုတော့ အပြည့်ပေးပြီးပြီလို့ပြောပေးဖို့လည်း တောင်းဆိုလိုက်ပါသေးတယ်။ အားလုံးအဆင်ပြေသွားတော့ သူတို့ပြန်မယ်လို့ နှုတ်ဆက်တယ်လေ။အမေ့ကိုလည်းသူတို့က "အမေ အင်္ဂလိပ် လေးရက်နေ့ နေ့လည်လောက်ကျရင် သမီးတို့လာကြိုမယ်နော် ။ငွေရေးကြေးရေးအားလုံးအဆင်ပြေသွားပြီအမေရဲ့။ အမေစိတ်ချလက်ချနေ အမေ့သားကလိမ္မာပါတယ်အမေရဲ့။သမီးတို့သွားမယ်နော် အမေ "ဆိုပြီး နှုတ်ဆက်ပြန်သွားခဲ့ကြလေရဲ့ဗျာ။
   ညပိုင်းရောက်တော့ ဖိုးထောင် ကြံကားနောက်လိုက်ရသည်။ နောင်ချိုမြို့ပေါ်ရောက်တော့ မနက်တုန်းကရင်းကုန်နေတဲ့ ဘေ ဝယ်ဖြည့်သည်။ကားပေါ်မှာ ဖေ့ဘုတ်ကြည့်ရင်းလိုက်သွားသည်။ ဟန်းဆက်ကိုသာကြည့်နေတော့ ကားကျော်တက်ဖို့ ကြည့်ဖော်မရတာနဲ့ ဒရိုင်ဘာက ဆဲနေသေးသည်။ဒီကြားထဲ ထော်လာဂျီအစုတ်က လမ်းမပေးဘဲ ကန့်လန့်ကန့်လန့်လုပ်နေတော့ ဒရိုင်ဘာဒေါကန်ပြီး ဖိုးထောင်ကိုပုံဆဲလိုက်တယ်ဆိုပါတော့။ဘာဘဲပြောပြော ည ၁၂ နာရီလောက်ကျတော့အိမ်ပြန်ရောက်လာတာပါဘဲ။
                  ဆက်​ပါဦးမည်​။

No comments:

Post a Comment