ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ
====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ကို ကိုဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)
အခန်း (၁)
ခုလိုဆောင်းလရာသီမျိုးဟာ ဖိုးထောင်အတွက် အလုပ်လက်မဲ့ရာသီလို့တောင်ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဖိုးထောင်တို့ တောင်သူတွေအတွက် ဝင်ငွေမျက်မျက်ရမယ့် သီးနှံဆိုလို့ ဘာမှမရှိတော့ဘူးဗျာ့။ ကြံ ဆိုတာကလည်း တောင်သူကြီးတွေလောက်သာရှိတာကလား။ ဒီတော့ မိသားစု အတော်များများဟာ ကြံခုတ် ကြံတင် အငှားလိုက်ပြီးတော့သာ မီးဖိုချောင်ဖူလုံရေး လုံးပန်းနေရတော့တာကိုး။ "ကိုဖိုးထောင် အီလက်ထရွန်းနစ် ပြုပြင်ရေး " ဆိုတာ လူအတော်များများအတွက် အသုံးမဝင်ကြတော့။
ဒီတော့ဖိုးထောင်လည်း သူများနည်းတူ ကြံကားနောက်လိုက် ဝင်ငွေရှာရုံမှ တစ်ပါး အခြားမရှိတော့ချေ။
အဲဒါ လွန်ခဲ့တဲ့ တစ်ပတ်လောက်က စာရင်းရှင်းတော့ စားပြီးသောက်ပြီး ကိုးသောင်းလောက်ပိုလာတယ်။
သကြားစက် ဘာဖြစ်လို့ဆိုလားတော့မသိပါဘူး ဒီနေ့တော့ စလစ်မရတာနဲ့ ကြံကားမထွက်ရဘူးဆိုဘဲ။
ဒီနေ့တော့ ဖိုးထောင် အားနေတယ်ပေါ့ဗျာ။
ခြေရင်းအိမ်ဘက်ကနေ ဗမာမ အသံလိုလို ဘာလိုလိုကြားတာနဲ့ နားစွင့်ကြည့်လိုက်တော့ ဖိုးထောင်တို့ အိမ်ဘက်ကိုလာနေတယ်။ ဟန်းဆက်ပျက်သွားလို့များလားပေါ့။ လှမ်းကြည့်လိုက်တော့ လက်ထဲမှာလည်း ဟန်းဆက်ကိုင်လို့ကိုး။ အိမ်အပေါက်ဝရောက်လာတော့ ဖိုးထောင်ကိုဗမာမက သိနေသလိုပြုံးပြသေးသဗျာ့။ နှစ်ယောက်စလုံး အသက်ကတော့ ၄၀ ပတ်ဝန်းကျင်လောက်ရှိမယ် ထင်ပါတယ် ။ဝတ်စားထားတာကတော့ ကျော့လို့မော့လို့ပါဘဲ။ ဖိုးထောင် ထက်ကြီးလှ လေးငါးခြောက်နှစ်နေမှာပေါ့။
" လာ လာ အိမ်ထဲဝင်လေ"
" ဟုတ်ကဲ့ရှင့်"
ဆိုပြီးအိမ်ပေါ်တက်လာခဲ့ကြတယ်။
"ဟုတ်ကဲ့ပါ ကျမ တို့က ရွှေမြန်မာ နဲ့ မင်္ဂလာရွှေမောင်း ပင်ရင်း ရန်ကုန်ထီဆိုင်ကြီးက အရောင်းကိုယ်စားလှယ်တွေပါရှင့်"
" အော် အော် "
သူတို့က ပြောပြောဆိုဆို အိတ်ထဲက ထီလက်မှတ်တွေ ထုတ်နေတော့တာ။ ပါးစပ်ကလည်းရေပက်မဝင်အောင်ပြောနေလိုက်တာများ ကျောင်းကကိုရင် စာပြန်တယ်တောင်ထင်ရတယ် အထစ်အငေါ့ကိုမရှိပါဘူး။
" ဒီလို မောင်လေးရဲ့ "
"ဟုတ်ကဲ့ ကျနော့် နာမည်ဖိုးထောင်ပါ"
"ဟုတ်ကဲ့ မောင်လေးဖိုးထောင် ကျမတို့ ထီဆိုင် သူဌေးက တစ်နှစ်ကို တစ်မြို့နယ် မဲနိုက်ပြီး အဲဒီမဲကျတဲ့ မြို့နယ်ထဲက ဦးပေါင်း ၅၀ ကို ပေါက်မလွဲ နံပါတ်တွေစီပြီး လိုက်ရောင်းခိုင်းတာ။ မနှစ်ကတော့ ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျတယ်လေ ။ သိန်း ထောင့်ငါးရာဆုကြီးလည်း အဲဒီမြို့ကပေါက်သွားတယ်။ ဒါက သိန်းထောင့်ငါးရာဆု ပေါက်သွားတဲ့လူရဲ့ပုံ ဒီ ငါးယောက်က ဘုရားဖူးမဲပေါက်တဲ့ လူရဲ့ပုံ တွေပါ။"
ဓာတ်ပုံတွေလည်းပြသေးတယ်။ ပြီးတော့
" ထီပေါက်သွားတဲ့လူဟာ ဘာမှတောင်မရှိဘူး အဲဒီ ထီ ထိုးဖို့ ပိတ်ဆံတောင် သူ့သားဘုန်းကြီးက တရားပွဲက ရတာလေး တစ်သိန်းကန်တော့ထားလို့ ရှိတာတဲ့။ ဒီမှာ ကျမတို့ ကံစမ်းမဲပါတယ်လေ အဲဒါ သူယူတဲ့ အုပ်က ငါးသောင်း ပေါက်တော့ နှစ်သောင်းရှစ်ထောင်ဘဲပေးလိုက်ရတာ။ ခုတော့ သူက တိုက်နဲ့ ကားနဲ့ဖြစ်နေပြီလေ။ဒီနှစ်အတွက်မဲက နောင်ချိုမြို့နယ်ကျတယ်လေ ။အခုမောင်လေးဖိုးထောင်တို့လည်း သိန်း တစ်ထောင့်ငါးရာဆု မပေါက်ဘူးလို့ မပြောနိုင်ဘူး။ သေချာအောင် ထီ နှစ်အုပ် သုံးအုပ်လောက် ထိုးထားပါလားမောင်လေးဖိုးထောင် ဒီမှာ ကြိုက်တဲ့ဂဏန်း ကြိုက်တဲ့ အက္ခရာရွေး"တဲ့
ဖိုးထောင်လည်း ဘာပြောရမှန်းမသိတာနဲ့ အမေ့ကိုလှမ်းမေးကြည့်ရသေးတာပေါ့။
" အမေ ထီထိုးထားအုံးမလား"
"သဘော သဘော"
အမေကတော့ မီးဖိုချောင်ထဲကနေ ရေနွေးအိုးတည်ရင်း လှမ်းအော်နေလေရဲ့။
ဖိုးထောင်ရှေ့မှာတော့ ထီစာအုပ် လေးငါးခြောက်အုပ်လောက်ကို ချပေးထားတာ ဗမာမ နှစ်ယောက်ကတော့ ကိုဖိုးထောင်က ကြာသပတေးသားဆိုတော့ ပ ဖ ဗ ဘ မ
ကောင်းတယ် စနေနံလည်းကောင်းတာပါဘဲ စသဖြင့် တွေ့သမျှအက္ခရာကို တွေရာနံနဲ့ ယူကိုက်ပြီးကောင်းနေတော့တာပါဘဲဗျာ။
" ဒါနဲ့ ဒီတစ်အုပ် ဘယ်လောက်လဲဗျာ့ "
"ဘေးနားလေးမှာ ခဲခြစ်ကံစမ်းမဲပါတယ် မောင်လေးဖိုးထောင် ဗလာ ဆိုရင်တော့ တစ်ပြားမှ ပေးစရာမလိုဘူး။ ငွေ အမှောင့် ပါလာရင်တော့ ဥပမာ ၅၀၀၀၀ လို့ပါလာရင်တော့ နှစ်သောင်းရှစ်ထောင် ပေးရမယ်"
" ဗျာ ၅၀၀၀၀ ပေါက်တာတောင် ၂၈၀၀၀ ထပ်ပေးရဦးမယ် ဆိုတော့ ဒီတစ်အုပ် ၇၈၀၀၀ တောင်လားဗျာ ထီတစ်စောင်ကို ၂၀၀ အစောင် ၅၀ မှ ၁၀၀၀၀ ရှိမှာလေဗျာ ဈေးမကြီးလွန်းဘူးလား ခင်ဗျာ့"
"ထီဈေးကြီးတာက ဒီလိုရှိတယ် မောင်လေးရဲ့ ကျမတို့ ထီဆိုင်ကနေ အစိုးရဆီမှာ နံပါတ်ဘယ်လောက်ကနေ ဘယ်လောက်အထိ ဆိုပြီးယူရတာလေ အဲဒီ အထဲမှာ ဥပမာ က- 000000 ခ- 000000 ဆိုတာတွေလည်းပါတယ်လေ အဲဒီ နံပါတ်တွေက ဘယ်သူမှ မထိုးဘူး ကိုဖိုးထောင်ရဲ့ အဲဒီနံပါတ်တွေ ကာဗာတွေ တံဆိပ်တွေပြန်လုပ်ရသေးတော့ ဈေးတင်ရတော့တာပေါ့ အဲဒါကြောင့် ဈေးကြီးတာပါ"
" ဒါလောက် အဆမတန်တော့ မကြီးလောက်ဘူးထင်တယ်ဗျာ"
"နောက်တစ်ခါ အခု ကျမတို့မှာပါလာတဲ့ ထီနံပါတ်တွေက ဒီမှာရေးထားသလို ပေါက်မလွဲ ထီစုံတွဲ ပုံစံဖြစ်အောင် အက္ခရာနဲ့ ထိပ်စည်း တူတာနဲ့ ပေါက်ဖို့ ကိုးဆယ်ရာခိုင်နှုံးသေချာအောင် တွဲစပ်စီထည့်ထားရတာလေ။အဲဒါကြောင့်ပါ"
" အော် ဒီလိုလား"
" ထီဈေးကြီးတဲ့ နောက်တစ်ချက်က ကိုယ့်ဆိုင်က နံပါတ်ထွက်အောင် အောင်ဘာလေ သိန်းဆုဖွင့်တဲ့ ဌာနဆိုင်ရာလူကြီးတွေကို ငွေထိုးရသေးတယ် လေ "
" ဟာ အဲလိုကိစ္စမျိုးတွေ ရှိသေးလို့လားဗျာ"
" မောင်လေးဖိုးထောင်တို့ တောကလူတွေဘယ်သိနိုင်မှာလဲ ရေဒီယို သတင်းစာထဲ ပါတဲ့အတိုင်းဘဲထင်နေကြမှာပေါ့ လောကမှာ အရာရာကို ငွေနဲ့ လုပ်နေကြတာမောင်လေးရဲ့"
" ဥပမာ ဒီမှာ ဆိုင်ကယ် တစ်စီးကို ဘယ်လောက်လဲ "
" လိုင်စင်နဲ့ဆို လေးငါးသိန်း နေမှာပေါ့"
" တရုတ်ပြည်မှာ အဲဒီ ဆိုင်ကယ်တွေ တစ်သိန်းကျော်လောက်ဘဲရှိတာ မြန်မာပြည်ထဲဝင်လာတော့ ဟိုအဖွဲ့ အစည်းပေးလိုက် ဒီ အဖွဲ့ အစည်းပေးလိုက်နဲ့ အချောင် ဈေးကြီးသွားတာ တကယ့်ဆိုင်ကယ်ဈေးကဘာမှရှိတာ
မဟုတ်ဘူး"
" အဲဒါတော့ ကြားဖူးတယ်ဗျာ့ ဖိုးထောင်တို့ဆီမှာတောင် ဆိုင်ကယ် အသစ်ဝယ်လာရင် အရှင်ကြီး နတ်ကို ပွဲတင်ပြီးသွားပြရသေးတာ အဲဒါလည်း ၁၀၀၀၀ လောက်တော့ ကုန်သေးတာပါဘဲ"
"အဲဒါကြောင့် အရာရာ ငွေဘဲ လို့ပြောတာပေါ့ မောင်လေးရဲ့"
"ဒါနဲ့ မောင်လေး နှစ်အုပ်လောက်တော့ ထိုးထားပါနော် ကျမတို့လည်း လာရကျိုးနပ်အောင်လေ"
" ကျနော်ပိုက်ဆံမရှိဘူးဗျာ့ တစ်အုပ်ဖိုးဘဲတတ်နိုင်မယ် ခုလိုရာသီက တောင်သူတွေ ဝင်ငွေ မရှိတော့ ကျနော်လည်း အလုပ်မရှိလို့ ကြံကားနောက် ရသလောက်နဲ့ လိုက်နေရတာ"
" ဒီလိုပါဘဲ မောင်လေးရယ် ဒါနဲ့ ဘယ်အုပ် ထိုးမလဲ "
" ဘယ်ဟာ ထိုးရင် ကောင်းမလဲ လို့ ခင်ဗျားတို့ နှစ်ယောက်ကိုကြည့်နေတာဗျာ့"
" ရှင်"
" ဟာ ဟုတ်ဖူးလေဗျာ ခင်ဗျားတို့ နှစ်ယောက်က ရွေးပေးမယ့် ထီစာအုပ်ကို ထိုးမယ်လို့ ပြောတာဗျာ့"
"အောင်မယ်လေးတော်ပါသေးရဲ့ မောင်လေးဖိုးထောင်ရယ် ဒီကဖြင့်လန့်သွားတာဘဲ"
" ပေါက္ကရ လျှောက်မပြောနဲ့ဗျာ့ ကျုပ်တို့ရွာတော်အရှင်ကြီးနတ်မင်းက ကြိုက်တာမဟုတ်ဘူး"
" ဟုတ်ကဲ့ပါ မောင်လေးဖိုးထောင်ရယ် ဒါဆိုရင် ဒီ လေးထိပ်စည်း ကနေ ရှစ်ထိပ်စည်းအထိ အုပ်ကိုရွေးလိုက်မယ်နော် "
" ဟုတ်ကဲ့ ရပါတယ်ဗျာ့"
" အမည် ဘယ်လိုရေးမှာလဲ ကိုဖိုးထောင်ဘဲလား"
"အမေ့နာမည်ရေးလိုက်ပါဗျာ "
" အမေ့နာမည်က "
"ဒေါ်နန္ဒာလှိုင် ပါ"
"မင်းသမီး နာမည်ကြီးပါလား မောင်လေးဖိုးထောင်"
"ဟိုနန္ဒာလှိုင် ကနောက်ကျသေးတယ်ဗျာ့ ဖိုးထောင်တို့ အမေက ဟိုးတုန်းက ဒီရွာမှာ မင်းသမီးခေါင်းဆောင် အဖေက အမေတို့အငြိမ့်ထဲက လူရွှင်တော်လေ"
"ကိုဖိုးထောင်ကျတော့ဘာလို့ မင်းသားမဖြစ်တာလဲ "
" လူမင်းတို့ အဖွဲ့ကြီးတောင်းစားနေရမှာ စိုးလို့ဗျာ့ အခုတောင် သူ့မင်းသမီးတွေနဲ့ ကမ်းခြေမှာ ဖောင်ပြင် ပြီးစားနေရတဲ့ အထဲ "
"ဘယ်လို ဖောင်ပြင်တာလဲ"
" ဆင်ဆာ အဖွဲ့ ဖျက်သိမ်းပြီးနောက်ပိုင်း မင်းသမီးတွေ အတော်များများဟာ အပိုဝင်ငွေရအောင်လားတော့ မပြောတတ်ဘူး သရုပ်ဆောင်ပိုင်းတွေသာ တိုးတက်မလာတာ လူတွေတော့ ကမ်းခြေတွေမှာ ဖောင်ပြင် လာကြတယ်ဗျာ့ လူမင်းတို့ ပန်တျာ မြကြည်တို့ အစည်းအရုံးတွေလည်း အိတ်တွေဖောင်းပြီး ထုတ်လုပ်သူတွေကို ခါချနေရလို့ ဖောင်းခါ အစည်းအရုံးတွေဖြစ်ကုန်ရောဗျာ့"
အဲသလိုတွေ ပြောနေရင်း ဗမာမ တစ်ယောက်က
"ပြောတတ်လိုက်တာမောင်လေးရယ် ဟား ဟားဟား ဒါနဲ့ စကားမစပ် ကံစမ်းမဲ ဖောက်လိုက်မယ် နော် "
ပြောရင်းဆိုရင်း ကံစမ်းမဲ ဖွင့်ပေးပါတော့သည်။
12000 Ks တဲ့။
" တစ်သောင်းနှစ်ထောင်တဲ့ မောင်လေး မမတို့ကို ခြောက်သောင်းခြောက်ထောင် ပြန်ပေးရမယ်"
ဖိုးထောင် ဟိုနေ့က ကားနောက်လိုက်ခ ရထားတာလေး ပေးလိုက်ရပါတယ်။ ဟို ဗမာမတွေလည်း သူတို့လိုချင်တာရပြီဆိုတော့ နုတ်ဆက်ပြီးပြန်သွားပါရောလား။
ရွာထဲက ဘယ်သူ့အိမ်တွေ ဝင်သွားသေးတယ်ဆိုတာတော့ ဖိုးထောင်လည်းမသိတော့ပါဘူး။
ဆက်ပါဦးမည်။
No comments:
Post a Comment