ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ (၅)
====================
(ပြီး ခဲ့တဲ့ အပတ်က ထီလိမ်ရောင်းခြင်းခံလိုက်ရသော မိသားစု၏ ဖြစ်ရပ်မှန် ဖိုးထောင်ပြန်လည်ခံစားတင်ပြသည်)
အခန်း (၅)
ဒီနေ့တစ်ရက်နေ့ထီဖွင့်သည်။ဖိုးထောင်ဖုန်းဖွင့်ထားသည်။ ဒီနေ့ ထီဆိုင်ကများဖုန်းခေါ်နေလေမလားပေါ့။ နေ့လည် ၁နာရီလောက်ဖုန်းခေါ်လာသည်။ နံပါတ်ကြည့်လိုက်သည်တစ်ခါမှ မမြင်ဖူးသောနံပါတ်ဖြစ်သည်။ သေချာနေပြီ ။
ဖုန်းကိုင်လိုက်သည်
" ဟလို ပွင့်ဖြူရဲစခန်းကပါလားခင်ဗျာ "
" မဟုတ်ဘူးခင်ဗျာ ဖုန်းမှားနေပါတယ်"
အရေးထဲ ဖုန်းကလာမှားနေရသေးကွာ။ သူတို့မေးနေတာကြာလို့ အင်တာနက်မှာ မြန်မာထီ ဆော့ဝဲနဲ့ တိုက်လည်းပြီးတာပါဘဲ။ အင်တာနက်ဖွင့်လိုက်သည်။မြန်မာထီ ဆော့ဝဲ ဖွင့်လိုက်သည် ။အဝိုင်းလည်နေပြီး ခဏမှာ ပေါ်လာသည်။ အကြိမ် ၃၂၅ ရေးထည့်လိုက်သည်။ အက္ခရာ တ ၊ နံပါတ် ၇၀၀၉၆၆ ။ စစ်ဆေးရန် နိုပ်လိုက်သည်။ အဝိုင်းလည်နေသည်။ နောက်တစ်ကြိမ် ပြန်လည်ကံစမ်းပါ တဲ့။ ယခုလ ထီပေါက်စဉ် ရယူရန် နိပ်လိုက်သည်။ ခဏကြာတော့ နံပါတ်တွေကျလာသည်။ တိုက်ကြည့်လိုက်သည်။ သိန်း ၁၅၀၀ ဆု ကဆ-၈၂၇၁၁၆ တဲ့။
ဒါသက်သက်လူပါးဝတာ ပညာရေးမှာကျတော့ အက္ခရာ ရှစ်လုံးပါယ်ဖျက်သတဲ့။ စီးပွားရေးထီမှာကျတော့ ဗျည်း ၃၃ လုံးတောင် မလောက်လို့ ကက ကခ ဆိုပြီး အခုထွက်သွားတဲ့ ကဆ အထိဘာမှ ပါယ်ဖျက်သံမကြား ။ ဘယ်လိုနိုင်ငံမှန်းကိုမသိတော့ပါဘူးဗျာ။ ဖိုးထောင် ထီမပေါက်တာနဲ့ ဘာမှမဆိုင်တာတွေတွေးပြီး ဒေါကန်နေတော့သည်။
ဖိုးထောင် ထီပေါက်စဉ်ကိုဖြဲကြည့်လိုက် ထီလက်မှတ်ကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဒီထီကို ဘယ်လိုဖွင့်တာလဲ ဆိုတာစဉ်းစားနေမိတော့သည်။ အရင်ဆုံး အက္ခရာကို နိုက်သည် ပြီးမှ နံပါတ်တွေ အစဉ်အတိုင်းနိုက်သည်။ ကံကောင်းတဲ့လူပေါက်မည်။ ဒါများ ထိပ်စည်းတွေလျှောက်စီ နံပါတ်စဉ်တွေ လျှောက်တွဲ ပြီး လူတွေမထိုးချင် ထိုးချင်အောင် ဗူးတွေ ကာဗာတွေ ခြယ်သပြီး ပေါက်မလွဲ ထီစုံတွဲ ဘာစုံတွဲ ညာစုံတွဲ စသဖြင့် ဖြီးဖြန်းရောင်းချနေကြသည်။ ထိပ်စည်းတူ အက္ခရာတူတာနဲ့ ၉၀ရာခိုင်နုံးပေါက်ဖို့သေချာသည် ။စသဖြင့် အမျိုးမျိုးပြောဆိုနေသော ထီရောင်းသူ များသည် အဓိပ္ပာယ်မရှိသော စကားများကိုပြောဆိုနေခြင်းသာဖြစ်နေပါတော့သည်။ ၂၀၀ တန်ထီကို တစ်ထောင်ကျော်နဲ့ ရောင်းလို့ရအောင် ကြံဖန်ပြောရောင်းနေကြခြင်းသာဖြစ်သည်။ တကယ်ဆို ၂၀၀ နဲ့ထိုးတဲ့ နံပါတ် ထွက်သွားလည်း ၁၅၀၀ ဆုဟာ ၁၅၀၀ဆုပါဘဲ။ ၂၀၀ကျပ်တည်းနဲ့ ထိုးထားသော နံပါတ်ဖြစ်သောကြောင့် တရားမဝင် လို့စည်းကမ်းချက်မှ မရှိတာ။ သေချာတာကတော့ ဖိုးထောင်တို့ တစ်စောင် ၅၀၀၀ပေးဝယ်ထားလည်း နိုင်ငံတော်ကတော့ ၂၀၀ သာလျင် ရမည်ဖြစ်ပါသည်။ ကျန်တာက အကြံအဖန်လူတွေအတွက်သာဖြစ်နေပေတော့သည်။ ကံစမ်းမဲ ပါသည် ဘာညာနဲ့ လုပ်ပွဲတွေ ဖန်တီးထားသေးသည်။ သင့်ခ်ယူ ဟူသော ဗလာပါလျင် တစ်ပြားမှပေးစရာမလိုဟုဆိုသေးသည်။ သေချာတာကတော့ ၎င်း မဲ လုံးဝ ထည့်ထားမည် မဟုတ်ပါ။ ထီ အစောင် ၅၀ ကို တစ်သောင်းဖိုးဝယ်ပြီး ၅၀၀၀၀ နဲ့ရောင်းဖို့ တစ်ပြားမှ ပေးစရာ မလို ဟူသောလေသံ အရင်ပစ်ပြီး တစ်သောင်း နှစ်ထောင်ထက် မပိုသော ဆုများသာ ထည့်္ပြပီး လုပ်စားနေကြသည်။ သေချာနေပါပြီ ဖိုးထောင် နောင်ချိုမှာ သွားထိုးပါက အစောင်၅၀ ဆိုလျင် တစ်သောင်းခွဲသာ အလွန်ဆုံးကုန်မည်။ အခုတော့ အလကားပေးတော့မလို ကံစမ်းမဲ မက်ပြီး ခြောက်သောင်းကျော် ပေးလိုက်ရပါရောလား။ ပေါက်ခြင်း မပေါက်ခြင်းသည် ကံနဲ့သာဆိုင်ပါသော်လည်း
ပေးလိုက်ရတဲ့တန်ဖိုးကတော့ ဉာဏ်နဲ့ဆိုင်သွားခဲ့ပြီမဟုတ်ပါလား။ ဒါဆိုရင် ဖိုးထောင်တို့ ထီတန်ဖိုး တွေ လိမ်ရောင်းသွားတာခံလိုက်ရပြီပေါ့။ တကယ်လို့ နောင်ချိုမှာသာ ခြောက်သောင်းဖိုးထိုးမယ်ဆိုရင် အနည်းဆုံး အစောင် ၂၀၀ လောက်မရနိုင်ဘူးလား။ အစောင်ပေါင်း ၂၀၀က အစောင် ၅၀ ထက် ပေါက်ဖို့ ပိုပြီးတော့ မနီးစပ်ဘူးလား။ စသော စသော အတွေးတို့သည် ဖိုးထောင် ခေါင်းထဲရောက်လာလေသောအခါ နောက်ကျသွားခဲ့ပါပြီဗျာ။
အဲ နေပါအုံး ဟို ဘုရားဖူးမဲပေါက်တယ် ဆိုတာဟာရော အလိမ်ဘဲလားမသိပါဘူးဗျာ။ ဘယ်သူ့ကိုမေးရမှာလဲ။ ရွာထဲက ဒီကိစ္စဘယ်သူနားလည်လဲ။အိပ်ရာထ ထမင်းစား တောင်ယာသွား မိုးချုပ်ပြန်အိပ် ဒီလိုလူတွေသာများတဲ့ရွာ ဘယ်လိုလုပ် ဒီကိစ္စ နားလည်မှာလဲ။ ရွာထဲမှာ ဆရာလိုလိုဘာလိုလိုက ဖိုးထောင် လောက်သာရှိတာ။
အော် ဟုတ်ပြီ ထီအုပ် ကာဗာမှာ ပင်ရင်းထီဆိုင် ဖုန်းနံပါတ်တွေ ပါနေသားဘဲ။ လှမ်းစုံစမ်းကြည့်တာပေါ့။ ဖိုးထောင်လှမ်းမေးကြည့်ပါတယ် ။ ထီဆိုင်ကနေ ထီထိုးတဲ့လူတွေကို ကံစမ်းမဲ အစီအစဉ်တွေ ရှိပါသလား။ မဲပေါက်တဲ့ လူတွေကိုရော ဘုရားဖူးပို့တဲ့ အစီအစဉ်တွေ ရှိပါသလားပေါ့။ ဖိုးထောင်မေးတာမဆုံးခင် လေးမှာ တစ်ဘက်က ဖုန်းကိုင်နေတဲ့ လူရဲ့ ဘေးနားက လူက ပြောလိုက်တာ သဲ့သဲ့လေးကြားလိုက်ရတာကတော့ " ဒီလူတော့ အလိမ်ခံရပြီနဲ့တူတယ်" တဲ့။ ဖုန်းကိုင်တဲ့ လူဖြေလိုက်တာကတော့ ရှင်းရှင်းလေးပါ " ခင်ဗျားပြောတဲ့ အစီအစဉ်တွေ တစ်ခုမှ မရှိပါဘူး ခင်ဗျာ" တဲ့ဗျာ။ ဒါဆို အလိမ်ခံရပြီပေါ့။ ဘယ်လိုလုပ်မလဲ ။ နေပါအုံးသူတို့ပေးခဲ့တဲ့ ဖုန်းနံပါတ်တွေ ရှိနေသေးတာဘဲ။ ပထမ တစ်လုံးခေါ်ကြည့်တယ်။ " ဟလို ပြည်ကြီးတံခွန် အရံမီးသတ်တပ်ဖွဲ့ က စကားပြောနေပါတယ် ခင်ဗျာ အမိန့်ရှိပါ" တဲ့။
" ဟို ထီရောင်းတဲ့ ဒေါ်သီတာ မဟုတ်ဘူးလား ခင်ဗျာ့ "
" မဟုတ်ပါဘူး ဖုန်းမှားနေပါတယ်" ဆိုပြီးချသွားခဲ့လေရဲ့။
နောက်တစ်လုံး ထပ်ဆက်ကြည့်တော့
" ထီရောင်းတာ မဟုတ်ဘူးဟေ့ ဣတ္ထီရောင်းတာ ဣတ္ထီ ခင်ဗျားရော ယူအုံးမလား ပါကင်ဆိုရင်တော့ တစ်ည သုံးသိန်းလောက်ရှိတယ်" တဲ့။ မြတ်စွာဘုရား အရေးထဲ ဖာခေါင်းဖုန်းနဲ့ သွားတိုးနေရတယ်လို့ဗျာ။ သေချာနေပါပြီ သူတို့ပြောတဲ့ အမည် မှတ်ပုံတင် နံပါတ် နေရပ်လိပ်စာ အားလုံးဟာ အလိမ်တွေချည်းပါဘဲ။ ကိုယ်စားလှယ် ကဒ်ပြား ဆိုတာတွေ အချက်အလက် ယူတဲ့ စာရွက် စာတမ်းတွေ အားလုံးဟာ အစီအစဉ်တကျ ကွန်ပြူတာ နဲ့ ထုတ်ပြီး လုပ်ထားကြတာတွေပါ။ နောက်ဆုံးအဆင့် သူတို့ဆီမှာ နိုဘယ်လ် ဆုရလက်မှတ်တောင် ပြခိုင်းလို့ ရလောက်အောင် လုပ်ထားကောင်းလုပ်ထားလိမ့်မယ်ထင်ပါတယ်။
ဘာဘဲပြောပြော ဖိုးထောင် တို့ အလိမ်ခံလိုက်ရပြီဆိုတာတော့ သေချာနေပါပြီဗျာ။ သူတို့လိမ်ပုံ လိမ်နည်းကလည်း တယ်ပိရိတာကိုးဗျာ့။ သူတို့က ပထမ အဆင့် ထီလှည့်လိမ်ရောင်းပြီး ဒေသအခြေအနေ ငွေရေးကြေးရေးအနေအထား လူတွေရဲ့ ရိုးသားမှု မက်လုံးကြိုက်မှု စတာတွေ စုံစမ်းတာဗျာ့။ သူတို့လောက စကားနဲ့ပြောရင် ပွိုင့်ရိုက်တယ်ခေါ်မှာပေါ့။ ပြီးရင် ပြောတိုင်းယုံတဲ့အိမ် ငွေကြေးရှိလောက်တဲ့အိမ် ပတ်ဝန်းကျင်မှာ တတ်သိနားလည်သော မိတ်ဆွေ နည်းတဲ့အိမ် အဲဒီအိမ်မျိုးဟာ သူတို့ ပွိုင့် မိတဲ့ အိမ်ပါဘဲ။ ဖိုးထောင်တို့လိုတောသူတောင်သားတွေအိမ်တွေကတော့ ပြောတိုင်းယုံတဲ့အိမ်ဆိုတာ သူတို့သိတယ်။ ငွေကြေးမပြည့်စုံတဲ့အိမ်ဆိုရင် အပင်ပန်းခံပြီးမလိမ်ဘူး။ဖိုးထောင်တို့ရော ရှိလား ဆိုရင် မရှိပါဘူး။သို့သော် လောလောဆယ် ဖိုးထောင်အနေနဲ့ ငွေလေးငါးသိန်းပြေးရှာနိုင်တဲ့ အနေအထားရှိတယ်ဆိုတာ သူတို့သိတယ်လေ။လေ့လာထားပြီးသား။ ပြီးတော့ ဒီရွာ အနေအထားအရ တတ်သိနားလည်တဲ့သူဆိုတာ ခပ်ရှားရှား ဆိုတာလည်းသူတို့ လေ့လာထားပြီးသားပါဗျာ။ ဖိုးထောင်တို့ ရွာအကြောင်း ဖိုးထောင်အကြောင်း ဖိုးထောင် သေချာမသိတောင်မှ သူတို့က တစ်ချက်လောက်လေ့လာလိုက်တာနဲ့ ဘယ်လိုအသုံးချလို့ရမယ်ဆိုတာ သိနေတယ်ဗျာ။ အဲသလောက် ပိရိတာဗျာ့။ ဥပမာ နဲ့ပြောရမယ်ဆိုရင် ကြောင်ဟာ ကြွက်နံ့ကိုသိနေသလိုမျိုး။ဖိုးထောင်တို့လိုကြွက်တွေက ကြောင်နံ့ကိုမသိဘဲ ပဲပုတ်နံ့လောက်သာမဲနေသလိုမျိုးပေါ့။ ဖိုးထောင် သိလိုက်ပါပြီဗျာ ။ ခုတော့ဖိုးထောင် တစ်ယောက် သူတို့ ပိပိရိရိ ပါးပါးနပ်နပ် လိမ်ညာသွားတာကိုဘဲ လေးစားရမှာလား ။ကိုယ့်ကိုကိုယ် ဆရာကြီးလိုလို ဘာလိုလိုနဲ့ ဝါးလုံးခေါင်းထဲ လသာနေမိတာကိုဘဲ အပြစ်တင်ရမှာလား မဝေခွဲတတ်အောင်ဖြစ်နေပါရောလားဗျာ။
ဆက်ပါဦးမည်
No comments:
Post a Comment