Sunday, July 24, 2016
ဗုဒ္ဓဘာသာ မလိုတော့ပါဘူး
ဗုဒ္ဓဘာသာ မလိုတော့ပါဘူး
==================
ရှေးခေါတ်က မြန်မာတွေဟာ ဗုဒ္ဓဘာသာကျမ်းစာ အတော်လေး သင်ယူ တတ်မြောက်ကြတယ်လို့ဆိုတယ်။
ယောက်ျား မိန်းမ အကုန်နီးပါး ပါဠိစာပေတတ်ကြသတဲ့။
ပုဂံက ကိုရင်တစ်ပါး အင်းဝကိုစာသင်သွားဖို့ထွက်လာတော့ လမ်းမှာကိုကောင်မလေးတွေက မေးတယ်တဲ့ "ဘယ်ကြွမှာလဲ ကိုရင်လေး"ပေါ့။
အဲဒီမှာ "ငါ အင်းဝကို သွားမလို့ "ဆိုတာကိုပါဠိလိုပြောသတဲ့ဗျာ့။ ကိုရင်ပြောတဲ့ ပါဠိက ကြိယာ အထားလွဲနေတော့ ကောင်မလေးတွေ ဝိုင်းရယ်တယ်ဆိုလား။ ပါဠိကတော့ ကျုပ်လည်းမသိပါဘူး။ အင်းဝကနေပုဂံကို သွားတာလား ပုဂံ ကနေ အင်းဝ ကိုသွားတာလားလည်းသေချာမမှတ်မိပါဘူး။
ပြောလိုတာက ကောင်မလေးတွေကအစ ပါဠိစာပေတတ်ကျွမ်းကြကြောင်းပြောတာပါဗျာ။
အမတ်ကြီးဦးပေါ်ဦးတို့ဆိုရင် ကျမ်းစာအတော်များများကို ဝေဖန်နိုင်တယ်လို့ဆိုပါတယ်။ ထားပါတော့ အဲဒါတွေက ဖိုးထောင်တို့ မမှီပါဘူး။
ဖိုးထောင်တို့ အဖိုးတွေလက်ထက်က လူတွေအတော်များများဟာ အနည်းဆုံး ဆယ်စောင်တွဲတွေလောက်တော့ သင်ယူဖူးခဲ့ကြပါတယ်။ တောနေလူတန်းစားတွေပေါ့ဗျာ။ မြို့နေ လူတန်းစား အများစုကတော့ ခေါတ်မီ BA MA တွေ နောက်ကိုလိုက်ရင်း ပါဠိ ဗုဒ္ဓဘာသာအခြေခံစာပေတွေကို ကျောခိုင်းနေခဲ့ကြရပါပြီ။
နောက်ပိုင်း အဖေတို့လက်ထက်မှာတော့ စာသင်ကျောင်းတစ်ဘက်နဲ့ ဆိုတော့ ယောက်ျားလေးတွေ ကိုရင်ဝတ်တဲ့အခါ ပရိတ်ကြီး ၁၁ သုတ်တောင် ကုန်အောင် မနည်းသင်ခဲ့ရတယ်လို့ဆိုပါတယ်။
မိန်းကလေးများအတွက်ကတော့ နွေရာသီကျောင်းပိတ်ရက်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကျင့်ဝတ်ဘာသာ မြန်မာစာ ဘာသာ အဘိဓမ္မာ ဘာသာ ဆိုတာတွေသင်ကြားခဲ့ကြရပါတယ်။
ဒီဘာသာတွေကတော့ ဖိုးထောင်တို့ ပွတ်ကာသီကာ မှီလိုက်သေးတာပေါ့။
ဖိုးထောင်တို့ ညီ အငယ်ဆုံးတို့လက်ထက်ကြတော့
စာသင်ကျောင်း အချိန်ပို ကျူရှင် ဂိုက် ဝိုင်း ဆိုတာတွေနဲ့ ချာလည်ပတ်ရမ်းပြီး ဘုန်းကြီးကျောင်းဆိုတာ သူတို့နဲ့ မဆိုင်တော့ ။ သြကာသတောင်မှ သကြားလုံးစားရလို့သာ ရောရောင် အော်လာခဲ့ကြပါတော့သည်။
နွေရာသီကျောင်းပိတ်ရက်ကျတော့ အရင်ကလို ဘုန်းကြီးကျောင်းစာသင်ဖို့ အချိန်ထက် နောက်နှစ်တက်ရမည့်အတန်းစာ ကျူရှင်တက်ဖို့ကအရေးကြီးလာခဲ့တော့သည်။
ရွာဦးကျောင်းက ဦးဇင်းလေးခမျာ ယဉ်ကျေးမှုသင်တန်း စဖွင့်တော့ ကျောင်းသားဦးရေ မနိုင်မနင်းတောင်ဖြစ်နေခဲ့သေးသည်။ ၁၅ ရက်လောက်ကြာတော့ ကျူရှင်ပြေးတဲ့ကောင်ကပြေး ကျူရှင်လိုလို ဘာလိုလိုနဲ့ ငါးရှာဖားနှိုက် ငှက်ပစ်ထွက်သူကထွက် ဆိုသောအခါ မြေဖြူဗူး ဘလက်ဘုတ် နဲ့ ဦးဇင်းလေးသာငုတ်တုတ်ကျန်ခဲ့ပါတော့သည်။
ဒီကိစ္စအတွက် ဦးဇင်းလေးမတတ်နိုင် သူတို့မလာတော့ ငါသက်သာတာပေါ့ကွာ ဟူ၍သာ ဆုံးဖြတ်ခဲ့သလို ရွာဦးကျောင်းဆရာတော်ကလည်း အေးတာပါဘဲကွာ လို့ အဆုံးသတ်ခဲ့ကြတယ်။
မြို့နယ်သံဃနာယက မသိသလို နေခဲ့တယ်။
တိုင်း နိုင်ငံတော် သံဃနာယက အေးအေးဆေးဆေးပါဘဲ။
ကိုယ့်ဘာသာ ကိုယ့်သာသနာ အားနည်းချက် ကောင်းလေတော့ ဘာသာခြားတို့ ထိုးဖောက်ဝင်ရောက်နေရာယူမှု ပြင်းထန်လာခဲ့တယ်။
ဒီကိစ္စ ကာကွယ်ဖို့ မဘသ အဖွဲ့ ဖွဲ့စည်းခဲ့တယ်။ပြီးပြည့်စုံတဲ့ အနေအထားမျိုး မရှိခဲ့ပါဘူး။
ဓမ္မစကူးလ် နဲ့ ဖာထေးပေမဲ့ ထင်သလောက်မပေါက်ဘူးဆိုတာ သိကြမှာပါ။
နောက်ပိုင်း သာသနာတွင်းမှာ ဘာတွေဖြစ်လာသလဲဆိုတော့ ဗုဒ္ဓဘာသာ အများစုဟာ ဘာသာရေး အခြေခံ မရှိသလောက် အားနည်းလာခဲ့တယ်။
ဘုန်းကြီးလောကမှာလည်း စာမတတ်ပေမတတ် ဘုန်းကြီးတွေက ပေါ်ပင်နဲ့ ရှေ့ထွက်ပြီး ပရိတ်သတ် ထောင်ချီနဲ့ စည်ကားလာခဲ့ကြတယ်။
အဲဒါကို ဟုတ်လှပြီ အထင်နဲ့ အသံကောင်းဟစ်ပြီး ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို နားမလည်တော့ဘဲ အလွဲအမှားတွေ ဟောကြားလာခဲ့ကြတယ်။
ခေါ်ယူဆုံးမရင်တောင် သူ့လောက် ပရိတ်သတ်မရှိလေတော့ အရာမဝင်တော့။
အခုနောက်ပိုင်း ထင်လင်းဦး ဇီးကွက် ဝိုင်း ဖြိုးမင်းသိန်း စတဲ့ ပုဂ္ဂိုလ်တွေရဲ့ သာသနာအပေါ် စော်ကားပြောဆိုမှုတွေဟာ သေချာပြန်ပြီး သုံးသပ်ကြည့်လိုက်ပါ။ ဒီလူတွေရဲ့ ဘာသာရေး အသိဉာဏ်ဟာ အတော်လေး နိမ့်ကျနေတာ အထင်းသားတွေ့နေရပါတယ်။
ဘုန်းကြီးတစ်ပါးရဲ့ တန်ဖိုးကို နားမလည် သလို သံဃာ့ဂုဏ်ကျေးဇူးကိုလည်း မသိကြတော့ပါဘူး။
ဘုန်းကြီးတစ်ပါးရဲ့တန်ဖိုး နည်းနည်းပါးပါးလောက်သာ နားလည်ခဲ့မယ်ဆိုရင် တစ်ဘဝစာ အတွက်နဲ့ ဒီလူတွေ စော်ကားရဲမှာ မဟုတ်ပါဘူး။
ဒီကိစ္စမျိုးဟာ အရေးယူရုံနဲ့ ပြီးပြတ်သွားမှာ မဟုတ်ပါဘူး။ သူတို့ပြီးသွားရင် နောက်တစ်ယောက် ထပ်လာအုံးမှာပါ။
တကယ့်ပြဿနာ အရင်းအမြစ်က ဗုဒ္ဓဘာသာရဲ့ အခြေခံပညာရေး ပြိုလဲရာက စခဲ့တာပါ။
ဒီပညာရေး ဘာကြောင့်ပြိုကွဲခဲ့ပါသလဲ?
ဘယ်သူတွေမှာ တာဝန်ရှိသလဲ?
ဘာဆက်လုပ်ရင် ကောင်းမလဲ ?
အဖြေရှာဖို့ အချိန်တန်နေပါပြီ။
ဒီတိုင်းဆက်သွားကြမယ်ဆိုရင်တော့ မကြာခင်ကာလမှာ ဖြိုးမင်းသိန်းလို စင်္ကာပူမှာ သွားပြောမှာ မဟုတ်ဘူး။
မြန်မာ့ ရုပ်/သံ ကနေဘဲ ပေါ်တင်ကြေငြာတဲ့လူ တက်လာခဲ့မှာပါ။
မြန်မာပြည်မှာ ကမ္ဘာ့အဆင့်မီ ဘာသာခြားတွေ ရှိနေပြီဖြစ်လို့ ဗုဒ္ဓဘာသာ မလိုတော့ပါဘူး။
ဒီလိုပြောဖို့ လူတွေ တန်းစီနေပြီဆိုတာ ဉာဏ်ရှိရင် သိပါလိမ့်မယ်။
ကဲ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့ရေ
အချိန်မှီပါသေးတယ် ။
ကိုဖိုးထောင်
24.7.2016
Labels:
သုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment